ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်မအောင်မြင်ခဲ့တဲ့အပေါ် စိတ်ပျက်နေတယ်လို့ ကလပ်အသင်းဖော် ဖရက်ဒ်က မီဒီယာတွေဆီ ပြောကြားလာခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ပေါ်တူဂီဟာ ဆာဘီးယားရဲ့နောက် အုပ်စု ဒုတိယနေရာနဲ့သာ ခြေစစ်ပွဲအောင်မြင်ခဲ့တာကြောင့် ပလေးအော့ဖ်ပွဲစဥ်တွေကို ဆက်လက် ကစားရမှာဖြစ်ပါတယ်။ ပေါ်တူဂီဟာ ပထမဆုံး ပလေးအော့ဖ်ပွဲစဥ်အနေနဲ့ တူရကီနဲ့ ရင်ဆိုင်ရမှာပါ။
အဲ့ဒီနောက်မှာတော့ တူရကီကိုအနိုင်ရရှိခဲ့ရင် ပေါ်တူဂီတို့ အီတလီ ဒါမှမဟုတ် မြောက်မက်ဆီဒိုနီးယား တသင်းသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ များသေားအားဖြင့်တော့ ပေါ်တူဂီနဲ့အီတလီတို့ ထိပ်တိုက်တွေ့ဖို့ရှိပြီး တသင်းသင်းကတော့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရပါလိမ့်မယ်။
ဒီလိုမျိုးအနေအထားအပေါ်မှာ ရော်နယ်ဒို ဘယ်လိုခံစားနေရတယ်ဆိုတာကို ဖရက်ဒ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဖရက်ဒ်က “ကျနော်နဲ့ ရော်နယ်ဒို ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ လမ်းကြောင်းနဲ့ ပတ်သက်လို့ စကားနည်းနည်းပြောဖြစ်ခဲ့ပါတယ်”
“ဟုတ်တာပေါ့ဗျာ။ ပေါ်တူဂီ ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်မအောင်တဲ့အပေါ် ရော်နယ်ဒိုတယောက် အရမ်းကို စိတ်ပျက်လက်ပျက်ဖြစ်နေတာပေါ့။ ဒါပေမယ့် ထိပ်တန်းကစားသမားတယောက်၊ အသင်းခေါင်းဆောင် တယောက်အနေနဲ့ ခြေစစ်ပွဲအောင်မြင်အောင် အသင်းဖော်တွေကို ဘယ်လိုပြင်ဆင်ပေးရမလဲ သူသိပါတယ်”
“သူ အရမ်းစိတ်ပျက်နေတယ်ဆိုတာ မှန်သလို ကမ္ဘာ့ဖလားမှာ ဝင်ကန်ခွင့်ရအောင်လည်း သူ အစွမ်းကုန် ကြိုးစားပါလိမ့်မယ်။ ရော်နယ်ဒိုက အရာရာတိုင်းကို အနိုင်ရချင်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ သူ ကမ္ဘာ့ဖလားမှာ ရှိနေဖို့ အစွမ်းကုန်ကြိုးစားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ (၂၀၀၆) ကမ္ဘာ့ဖလားမှာ စတင်ကစားခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို လေးကြိမ်အထိ ပါဝင်ကစားခဲ့ပြီးပြီလည်းဖြစ်ပါတယ်။