အေစီမီလန်နဲ့ အမေရိကန်ကစားသမား ပူလီဆစ်ကတော့ မေဂျာလိဂ်မှာ မက်ဆီရဲ့ ပွဲတွေကို လိုက်လံအားပေးနေတဲ့ နာမည်ကျော်အနုပညာရှင်တွေဟာ လက်ရွေးစင်အသင်းပွဲတွေကိုတော့ လာအားပေးတာမျိုးမရှိဘူးလို့ လှောင်ပြောင် ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ LAFC နဲ့ အင်တာမိုင်ယာမီပွဲမှာ ဆလီနာဂိုမက်ဇ်၊ လီယိုနာဒိုဒီကာပရီယိုတို့လို နာမည်ကျော်အနုပညာရှင်တွေ တက်ရောက်အားပေးခဲ့ကြပါတယ်။ ဆလီနာဂိုမက်ဇ်ဟာ မက်ဆီတယောက် အပိုင်ဂိုးကို လွဲချော်ခဲ့ချိန်မှာဆိုရင် ပါးစပ်အဟောင်းသားဖြစ်ရတဲ့အထိ အံ့အားသင့်ကာ စင်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အားပေးခဲ့ပါတယ်။
ဒီနောက်မှာ ပူလီဆစ်ရဲ့ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ အဆိုပါပုံကို တင်ခဲ့ပြီး "လက်ရွေးစင်အသင်းပွဲတွေကို လာကြည့်ဖို့လဲ သူတို့ကို ဖိတ်ကြားထားတယ်ဆိုတာ သူတို့သိပါစေ" လို့ ရေးသားခဲ့ပါတယ်။ ဒါဟာ လက်ရွေးစင်အသင်းကိုတော့ လာအားမပေးဘဲ မက်ဆီပွဲကို အားပေးတဲ့အပေါ်မှာ သူက လှောင်ပြောင်တဲ့ သဘောလည်းဖြစ်ပါတယ်။
မက်ဆီရဲ့ ပရိသတ်တွေကတော့ ပူလီဆစ်တယောက် မနာလိုဖြစ်နေတယ်လို့ ပြန်လည်တုံ့ပြန်နေကြပါတယ်။ အင်တာမိုင်ယာမီကို မက်ဆီပြောင်းရွှေ့ခဲ့ပြီးနောက် အမေရိကရဲ့ နာမည်ကျော်ဆယ်လီတွေ၊ အနုပညာရှင်တွေဟာ အင်တာမိုင်ယာမီပွဲတွေကို သွားရောက်အားပေးနေခဲ့ကာ ပရိသတ်တွေကို ကွင်းထဲလာဖို့ရာ ဆွဲဆောင်မှုတမျိုးဖြစ်နေခဲ့ပါတယ်။