လေထုညစ်ညမ်းမှုပြဿနာ ဖြေရှင်းဆောင်ရွက်ရာမှာ မအောင်မြင်မှုအတွက် ထိုင်းအစိုးရဟာ ဝေဖန်ခံနေရပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လေထုညစ်ညမ်းမှုလျှော့ချရေး ဥပဒေသက်ရောက်မှုရှိရန် မည်သို့အခက်အခဲရှိကြောင်းပြောခဲ့ပြီး လေထုအရည်အသွေးမကောင်းခြင်းအတွက် အများပြည်သူကို အပြစ်တင်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Pornprom Satrabhaya)

"အများပြည်သူမှာ တာဝန်ရှိပါတယ်၊ လေထုညစ်ညမ်းမှုပြဿနာမှာ လက်သည်တစ်ဦးပါ၊ အခုထိ ကျွန်တော်တို့ လူတွေကို အပြစ်မတင်နိုင်သေးပါဘူး၊ ပြီးတော့ လေထုညစ်ညမ်းမှုဖြစ်စေသူအားလုံးကို ပြစ်ဒဏ်မချနိုင်သေးပါဘူး၊ ဘာကြောင့်လဲဆိုတော့ ပြစ်ဒဏ်ချမှတ် ဆောင်ရွက်မှုတွေရဲ့ ရလဒ်က လူ့အဖွဲ့အစည်းအတွက် အခြား ဆိုးရွားတဲ့ ပြဿနာတွေကို ဖြစ်စေမှာကြောင့်ပါ၊ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားတာမျိုးကို ကျွန်တော်တို့ အားထားဖို့ လိုအပ်ပါတယ်" လို့ ဗိုလ်ချုပ်ကြီးပရာယွတ်က ထိုင်းတောင်ပိုင်း နရာသီဝတ်ပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ မီဒီယာကိုပြောခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြထားပါတယ်။



(Photo: Reuters)

လက်ရှိမှာ လေထုညစ်ညမ်းမှုပြဿနာ ဖြေရှင်းဆောင်ရွက်ရာမှာ မအောင်မြင်မှုအတွက် ထိုင်းအစိုးရဟာ ဝေဖန်တိုက်ခိုက်ခံနေရတာလည်း ဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၀ ရက်) က မီးခိုးမြူများရှိနေမှု အခြေအနေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆင့် ဖြစ်နေဆဲလို့ ဆိုပါတယ်။

ဘန်ကောက်ရှိ ခရိုင် ၅၀ အနက် ၃၄ ခုမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်းဟာ ကျန်းမာရေးမထိခိုက်နိုင်တဲ့ သတ်မှတ်ပမာဏထက် ကျော်လွန်နေခဲ့ပါတယ်။ လေထုညစ်ညမ်းနေမှုကြောင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းများ ပိတ်ထားကြရန် အာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၂၁ ရက်) မှာ ညွှန်ကြားလိုက်ကြောင်းလည်း သိရပါတယ်။

(Photo: Chalinee Thirasupa/Reuters)

ဘန်ကောက်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်း (Air Quality Index - AQI) ဟာ ၁၇၀ အထိ မြင့်တက်နေခဲ့ပါတယ်။ AQI အမှတ် ၁၅၀ အထက်ကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆင့်အဖြစ် သတ်မှတ်ထားလည်း ဖြစ်ပါတယ်။ ယနေ့ (ဇန်နဝါရီ ၂၁ ရက်) မနက်ပိုင်း တိုင်းတာမှုတွေအရ ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီးများစာရင်းမှာ နံပါတ် ၉ နေရာကို ရောက်ရှိနေကြောင်း လေထုအရည်အသွေး စောင့်ကြည့်ဝက်ဘ်ဆိုက် AirVisual က ဖော်ပြပါတယ်။

ထိုအတောအတွင်း သဘာဝရင်းမြစ်များနဲ့ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက အဆိုပြုတင်ပြထားတဲ့ လေထုအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ကာလတို စီမံဆောင်ရွက်မှု အစီအစဥ်တွေကို ထိုင်းအစိုးရအဖွဲ့ထံ ယနေ့ ခွင့်ပြုချက်တောင်းသွားမယ်လို့လည်း သိရပါတယ်။

(Photo: AFP)

ဝန်ကြီးဌာနက အဆိုပြုတင်ပြထားတဲ့ စီမံဆောင်ရွက်ချက်တွေအနက် ဘန်ကောက်မြို့တွင်း နေရာများသို့ ကုန်တင်ယာဥ်ဟောင်းများ ဝင်ရောက်မှုကို ပိတ်ပင်ရန်၊ ဈေးကြီးတဲ့ လောင်စာဆီတွေမှာ sulphur ပါဝင်မှု လျှော့ချရန်၊ ခရီးလမ်းကြောင်းတူညီသူများ ကားတစ်စီးတည်းမှာ အတူစီးမှုကို အားပေးမြှင့်တင်ရန်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုကြရန်နဲ့ လဟာပြင်နေရာမှာ မီးအသုံးပြုမှု တားမြစ်အရေးယူရန်တို့လည်း ပါဝင်ပါတယ်။

အစိုးရအဖွဲ့က အတည်ပြုပြီးနောက် ထိုစီမံဆောင်ရွက်ချက်တွေဟာ ချက်ချင်း သက်ရောက်မှုရှိလာမှာဖြစ်ပြီး လာမယ့် ဖေဖေါ်ဝါရီလအထိ ကြာမြင့်မယ်လို့ဆိုပါတယ်။ သို့သော် လေထုညစ်ညမ်းမှုဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပတ်ဝန်းကျင်ရေးရာ စည်းရုံးလှုံ့ဆော်သူတွေကတော့ ဝန်ကြီးဌာနရဲ့ ထိုအစီအမံတွေဟာ လုံလောက်မှုမရှိကြောင်း ဝေဖန်ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က