ဒီတစ်ခေါက် Duwun ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်တဲ့ဆိုင်လေးကတော့ အင်းယားကန်ဘောင်ရှေ့မှာ ကားလေးနဲ့ ရောင်းတဲ့ ဇလုံထမင်းဆိုင်လေးဖြစ်ပါတယ်။
လေယာဉ်ပိုင်းလော့တစ်ဦးရဲ့ ဇလုံထမင်းဆိုင်လေး
ဒီဆိုင်လေးကတော့ MNA Airlines မှာ လေယာဉ်မောင်းပိုင်းလော့တစ်ဦးဖြစ်သူရဲ့ စိတ်ကူးနဲ့ စခဲ့တဲ့ဆိုင်လေးဖြစ်ပါတယ်။ ကိုရဲဝင်းအောင်ဟာ MNA Airline မှာ လေယာဉ်မိုင်းပိုင်းလော့တစ်ဦးအဖြစ် ၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သူပါ။ အခုတော့ အလုပ်စာချုပ်သက်တမ်းပြည့်လို့ လေယာဉ်မောင်းအလုပ်ကိုရပ်နားလိုက်ပြီး ဝါသနာပါရာ ဂီတဖန်တီးထုတ်လုပ်သူအဖြစ် ပြည်ပမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေစဉ်အတွင်း ဒီလို ဈေးရောင်းတဲ့အလုပ်ကို လုပ်ခဲ့တာလို့ ဆိုပါတယ်။
“ ကျွန်တော်က အရင်က လေယာဉ်မောင်းတယ်။ အဲဒါကို ဝါသနာပါလို့ လုပ်ခဲ့တာမဟုတ်ဘူး အိမ်က လုပ်စေချင်လို့ လုပ်တာဆိုတော့ ကျွန်တော် အခု လေယာဉ်မောင်းတဲ့အလုပ်ကို စာချုပ်ပြည့်လို့ နားလိုက်တယ်။ ကျွန်တော့်ဝါသနာပါက Music Production ဆိုတော့ အဲဒါအတွက် နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ လုပ်နေတယ်။ အခု ဗီဇာလျှောက်ဖို့ ၃ လလောက်ကြာတော့ ကြားထဲမှာပျင်းနေတာနဲ့ ဒီလို ဈေးရောင်းတဲ့အလုပ်ကို လုပ်မလားဆိုပြီး သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ပြီးလုပ်ဖြစ်ခဲ့တာပါ။ ကျွန်တော့်သူငယ်ချင်းကလည်း ဟင်းချက်ကောင်းတယ်လေ။ အဲဒါနဲ့ ငါတို့ ဇလုံထမင်းလုပ်ရောင်းမယ်ဆိုပြီး ဖြစ်လာတာပါ” လို့ ကိုရဲဝင်းအောင်က ဆိုပါတယ်။
ကားလေးနဲ့ ရောင်းနေတဲ့ ဇလုံထမင်းဆိုင်လေး
ဒီဆိုင်လေးကတော့ အင်းယားကန်ဘောင်ရှေ့မှာ ညနေဘက်တွေဆို ကားလေးထိုးရပ်ပြီး ရောင်းတဲ့ ဆိုင်ပုံစံမျိုးလေးဖြစ်ပါတယ်။ အဓိကတော့ ဇလုံထမင်းနယ်ကို ဟင်းအမယ်သုံးမျိုးနဲ့ အဓိကထားရောင်းတယ်လို့ ဆိုပါတယ်။
“ စစချင်းကတော့ ဇလုံကြီးအနှစ်ထုပ်ကိုသုံးတာပေါ့။ နောက်ပိုင်းတော့ အနှစ်ကို ကိုယ့်ဘာသာကိုယ်လုပ်တယ်။ကျွန်တော့်တို့ ရောင်းတာကတော့ တစ်လလောက်ပဲရှိသေးတယ်။ စစချင်းကတော့ ဘယ်အလုပ်မဆို အခက်အခဲရှိတာပေါ့။ အရင်က လေယာဉ်မောင်းတဲ့အလုပ်လုပ်တယ်။ အခုက ကိုယ်ပိုင်အလုပ်ဆိုတော့ ပေါ့ပေါ့ပါးပါးခံစားရတယ်။ သိပ်ပြီးတော့ stress မရှိဘူး။ ဒါပေမယ့် ဘယ်အလုပ်မဆို စချိန်မှာတော့ အဆင်မပြေတာတွေ ကြုံရတာပေါ့။ ဒါပေမယ့် အလုပ်ထွက်ထားတဲ့အချိန် အားနေတဲ့အချိန်မှာ ဝင်ငွေလေးလည်းရအောင် ဒီလိုဈေးရောင်းခဲ့တာပါ။ အလုပ်မရှိရင် စိတ်လေတယ်။ ဘော်ဒါတွေနဲ့ သောက်စားနဲ့ပဲ အချိန်ကုန်တာများတယ်။ အခုတော့ မနက်မိုးလင်းတာနဲ့ ဈေးဝယ်ပြီး ညနေဆိုင်ခင်းဖို့ပဲလုပ်ဆိုတော့ စိတ်မလေတော့ဘူးပေါ့” လို့ ကိုရဲဝင်းအောင်က သူ့ရဲ့ ဈေးရောင်းအတွေ့အကြုံကို ပြောပြပါတယ်။
တစ်ပွဲ ၂၅၀၀ ကျပ်တန် ဇလုံထမင်း
ဒီဆိုင်လေးမှာ အဓိက ရနိုင်တာကတော့ ငါးရွှေငါးရုတ်သီး ထမင်းနယ် ၊ ချဉ်ပေါင်ထမင်းနယ် ၊ ပုန်းရည်ကြီးထမင်းနယ် ၊ ငပိရည်ကျိုထမင်းနယ် ၊ ပုဇွန်ခရမ်းချဉ်သီး ထမင်းနယ် စတဲ့ အရသာမျိုးစုံနဲ့ ရနိုင်ပြီး အမဲကြော်၊ ဝက်သားနီချက် ၊ ကြက်ကြော်တို့က အဓိက ဟင်းသုံးမျိုး ဖြစ်ပါတယ်။ တစ်ပွဲကို ၂၅၀၀ ကျပ်နဲ့ရောင်းချနေပြီး တစ်ရက်ကို ဆန် ၆ လုံးလောက်တော့ ကုန်တယ်လို့ ဆိုပါတယ်။
ဇလုံထမင်းစားချင်သူများအတွက် လမ်းညွှန်
ဒီဆိုင်လေးကတော့ မြကျွန်းသာ အင်းယားကန်ဘောင်၊ ဆီဒိုနားရှေ့က ကားပါကင်ရှေ့မှာ ရောင်းချတာဖြစ်ပြီး ညနေ ၄ နာရီကနေ ည ၉ နာရီလောက်ထိ ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ အင်းယားကန်ဘောင် ကိုအလည်သွားရင်း ဇလုံထမင်းအရသာလေးကို မြည်းစမ်းချင်သူတွေအတွက် လမ်းညွှန်ပေးလိုက်ပါတယ်နော်။