အရင်တုန်းက စိန်ခေါ်မှုတွေအများကြီးရှိခဲ့ပါတယ်။

ဂေဂေးကတော့ LGBT နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ချစ်သူဖြစ်တဲ့ ဆွေဇင်ထက်နဲ့အတူတွဲပြီး ပါဝင်သွားမယ်လို့ သိရပါတယ်။ ဆွေဇင်ထက်အတွက်လည်း အရမ်းဂုဏ်ယူမိတယ်လို့ဆိုပါတယ်။

အဆိုတော်ဂေဂေးကတော့ ချစ်သူဖြစ်တဲ့ Miss Universe Myanmar 2019 ဆွေဇင်ထက် အတွက် ဝမ်းသာဂုဏ်ယူနေပါတယ်။ အခက်အခဲတွေအများကြီးရှိနေတဲ့ကြားက အရည်အချင်းရှိရှိ အကောင်းဆုံးကြိုးစားခဲ့လို့ သဘောကျတယ်ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“သူ့အသက်ငယ်ငယ်လေးနဲ့ တစ်ကမ္ဘာလုံးက ကြည့်နေကြတဲ့အချိန်မှာ သူ့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးပြခဲ့တဲ့အတွက် ဂေးကတော့ အရမ်းဂုဏ်ယူပါတယ်။ သူက အရမ်းသန်မာတယ်။ ဘာကြောင့်လဲဆိုတော့ Stage ပေါ်တွေရောက်ရင် သူကလုံးဝ မကြောက်ဘူး။ ဂေးဆိုရင် အခုထိ Stage ကို ကြောက်တုန်းပဲ။ Stage ပေါ်ကိုရောက်ရင် ချီတုံ ချတုံနဲ့ ဘယ်ပြေးလို့ ပြေးရမှန်းမသိဘူး။ သူက အဲဒီလိုမဟုတ်ဘူး။ သူကလွဲပြီး စင်ပေါ်မှာ ဘယ်သူမှမရှိတော့သလိုပဲ အရမ်း Strong ဖြစ်တယ်။ ပြောချင်တာက သူ ရဲရဲဝံ့ဝံ့နေတတ်တာတွေကို သဘောကျပါတယ်” လို့ဆိုပါတယ်။

ဂေဂေးဟာ Miss Universe 2019 ပြိုင်ပွဲကြီးမှာ သူတို့ရဲ့ အချစ်ရေးအကြောင်းကို ဖွင့်ပြောပြဖို့ ဆုံးဖြတ်လိုက်ရတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုပါတယ်။

“ အစကတော့ ဂေဂေးတို့မှာ စိန်ခေါ်မှုတွေအများကြီးရှိတယ်။ LGBT မှန်းသိသွားရင် ဒီအနုပညာအလုပ်တွေ ဆက်လုပ်ဖို့ အဆင်ပြေပါဦးမလား။ လူမှုအသိုင်းအဝိုင်းမှာ ဂေဂေးတို့ကို ဘယ်လိုမျိုးတွေ လှောင်ပြောင်ချမှာလဲ၊ နှိမ့်ချကြမှာလဲ။ LGBT ဆိုတာလည်း လူပဲလေ။ အချိန်တန်အရွယ်ရောက်တယ်၊ ရည်းစားတွေထားတယ်၊ ချစ်သူတွေထားတယ်ဆိုတာမျိုးကို တွေးပြီးတော့ ဖွင့်ပြောပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဆွေဇင်ထက် ကို လာကြိုရင်း ဖြေဆိုခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာပြုလုပ်မယ့် LGBT လှုပ်ရှားမှုတွေမှာလည်း အတူတွဲပြီးပါဝင်သွားမယ်လို့ ဂေဂေးက ပြောပါတယ်။ သူမနဲ့ ဆွေဇင်ထက်တို့ရဲ့ ချစ်သူသက်တမ်းကတော့ ၃ နှစ်ကြာပြီလို့ သိရပါတယ်။

“LGBT နဲ့ပတ်သက်ပြီးတော့ နှစ်ယောက်အတူပွဲပြီးလှုပ်ရှားမှုလေးတွေမှာ ပါဝင်ပေးလို့ရတယ်။ သူတို့အတွက်အများကြီးမဖြစ်ရင်တောင်မှ ဂေဂေးတို့နှစ်ယောက်ရဲ့အားလေးတစ်ခုပဲ အထောက်အကူဖြစ်သွားရင် အရမ်းကျေနပ်ပါတယ်။ LGBT နဲ့ပတ်သက်တဲ့ ပွဲတွေလည်းရှိလာမှာပဲလေ အဲဒီမှာ ဒီအသိုင်းအဝိုင်းထဲက လူသားနှစ်ယောက်အနေနဲ့ပါဝင်ဖြစ်မယ်။ နှစ်ယောက်ပေါင်းပြီးတော့ ရှိသမျှအားလေးနဲ့ အရာထင်သွားအောင် ကြိုးစားသွားမှာပါ” လို့ သူကဆိုပါတယ်။

အဆိုတော် ဂေဂေးကိုတော့ နိုင်းဝမ်းနဲ့အတူသီဆိုထားတဲ့ ‘နင်သာရှိရင်’ ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တေးသီချင်းပေါင်း များစွာမှာလည်း စုံတွဲသီဆိုထားတာ တွေ့ရပါတယ်။ ဖျော်ဖြေရေးများစွာမှာလည်း သီဆိုနေရသူတစ်ဦးပါ။ အလှမယ်ဆွေဇင်ကတော့ အခုဆိုရင် အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့တွင်(၆၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တဲ့ Miss Universe 2019 အလှမယ် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ။ နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး မြန်မာနိုင်ငံက ထွက်ခွာခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က