ဥက္ကာမင်းမောင်က LGBT တွေ အထင်လွဲနေကြတဲ့ ‘’ဝက်ဝက်ကွဲအောင်ပွင့်’’ ရုပ်ရှင်ဇာတ်ကားကြီး ထွေလာနဲ့ ပတ်သက်ပြီး တောင်းပန်စကားပြောပြလာပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ဝေဖန်မှုတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
Photo: ဝက်ဝက်ကွဲအောင်ပွင့်
ဥက္ကာမင်းမောင်က ‘’ဝက်ဝက်ကွဲအောင် ပွင့်’’ ရုပ်ရှင်ဇာတ်ကားကြီးမှာ မိန်းမတစ်ယောက်လို ဝတ်ဆင်ထားတဲ့ ဇာတ်ဝင်ခန်း ထွေလာနဲ့ ပတ်သက်ပြီး LGBT ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ အများကြီးခံ နေရတာဖြစ်ပါတယ်။ ဒီဝေဖန်မှုတွေ အတွက် သူကိုယ်တိုင် လေးလေးစားစား နဲ့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
‘’ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရုံတင်မယ့် ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ Gay တစ်ယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားထွေလာကို ကျွန်တော် မိန်းမလိုဝတ်ပြီးသရုပ်ဆောင် တဲ့ အပိုင်းလေးကို Promotion အနေနဲ့ တင်ထားတယ်။ အဲ့ဒီအပိုင်းလေးကို ကြည့်ပြီးတော့ LGBT ပရိသတ်တွေက Gay တွေ Transgender တွေကို ဟာသလုပ်ပြီးသရုပ်ဆောင်တယ်လို့ ဝေဖန်ကြတယ်။ သူကိုယ်တိုင်ကလည်း Gay ဖြစ်ပြီး ဒီဇာတ်ရုပ်ကို သရုပ်ဆောင်တာလဲ၊ သူသည် LGBT ကို မလှောင်သင့်ဘူး။ Hero Award ဆုနဲ့ မထိုက်တန်ဘူးဆိုပြီးတော့ အစုံပဲ ဂယက်တွေထလာတယ်။ ပရိသတ်တွေကို တောင်းပန်ချင်တာက ဇာတ်ကားလေးကို ရုံတင်တဲ့အထိစောင့်ပြီး တစ်ကားလုံးအပြည့်ကြည့်လိုက်ပါဦး’’ လို့ သူကဆိုပါတယ်။
Photo: ဥက္ကာမင်းမောင်
‘’ဝက်ဝက်ကွဲအောင်ပွင့်’’ ဆိုတဲ့ ဇာတ်ကားထွေလာကိုတော့ ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်ဇာတ်ကားကြီး ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်က တင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားက LGBT တွေအတွက် စိတ်ကျေနပ်စေမယ့် ဇာတ်ကားဖြစ်မယ်လို့လည်း ဥက္ကာမင်းမောင်က ပြောပြထားပါသေးတယ်။
‘’ ထွေလာမှာ တင်ထားတဲ့ ကျွန်တော်မိန်းမလိုဝတ်ထားတဲ့ ဇာတ်ဝင်ခန်းကလည်း တကယ်က အရွဲ့တိုက်တဲ့ ဇာတ်ဝင်ခန်းပါ။ ကျွန်တော့်အကြောင်းသိနေတဲ့သူတွေကတော့ ဥက္ကာ ချစ်စရာလေးလို့ပြောကြတယ်။ မသိတဲ့ သူတွေကြတော့ ကျွန်တော့်ကို ဒီလို ဇာတ်ရုပ်တွေ ရိုက်တယ်ဆိုပြီးတော့ အထင်လွဲကြတယ်။ အဲ့ဒီအတွက် တောင်းပန်ပါတယ်။ တကယ်ရုံတင်လို့ သွားကြည့်ရင်တောင် LGBT တွေက တကယ်ကျေနပ်တယ် ဆိုပြီးတော့ တောင်ဖြစ်သွားလိမ့်မယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: ဝက်ဝက်ကွဲအောင်ပွင့်
‘’ဝက်ဝက်ကွဲအောင် ပွင့်’’ ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာကိုလည်း ဥက္ကာမင်းမောင်က ပြောပြလာပါတယ်။ LGBT တွေကို နှိမ့်ချတဲ့ ဇာတ်ကားမဟုတ်တဲ့အကြောင်းကို ဗီဒီယို မှတ်တမ်းတင်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၅၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြောပြခဲ့တာပါ။
‘’ ကျွန်တော် ဒီဇာတ်ကားကို လွန်ခဲ့သော ၂ နှစ်က ရိုက်ထားတာပါ။ မရိုက်ခင်ကတည်းက ဇာတ်ကို ကြိုရပါတယ်။ ဇာတ်ရုပ်မှာ ကျွန်တော်ရယ်၊ ကိုရန်လေးရယ်၊ ကိုပြေတီဦးရယ်၊ ကိုထွန်းလွင်အောင်ရယ်၊ ဝတ်မှုန်ရွှေရည်ရယ်။ ပြီးတော့ တခြားသရုပ်ဆောင်တွေ အများဆုံးပါတယ်။ ကိုပြေတီဦးက လွဲလို့ တခြားလူတွေ အကုန် Gay အနေနဲ့ သရုပ်ဆောင်ရပါတယ်။ Gay တွေကို နှိမ့်ချပြီး ဟာသတစ်ခုအနေနဲ့ ရိုက်ထားတဲ့ ဇာတ်ကားလည်း မဟုတ်ပါဘူး။ အနုပညာလောကမှာ အောင်မြင်နေတဲ့ Gay တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာပါ’’ လို့ ဆိုပါတယ်။
Photo: ဥက္ကာမင်းမောင်
‘’ဝက်ဝက်ကွဲအောင်ပွင့်’’ ရုပ်ရှင်ဇာတ်ကားကြီးကို ပိုပိုရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရန်အောင်၊ ပြေတီဦး၊ ဥက္ကာမင်းမောင်၊ထွန်းလွင်အောင်၊ ဝေလျှံ၊ မင်းဇေ၊ စိုးမြတ်သူဇာ၊ မိုးပြည့်ပြည့်မောင်၊ ဝတ်မှုံရွှေရည်၊ ယွန်းရွှေရည်၊ နန်းခင်ဇေယျာ နဲ့ ရွှေပိုးအိမ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
Share