အာဆင်နယ်အသင်းက မန်ယူအသင်းကို မနေ့ညက အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ်ကစားသမား အိုလ်ဇေးက မန်ယူကစားသမား လင်ဂတ်ကို လှောင်ပြောင်လိုက်တဲ့ စကားတစ်ခွန်း လူမှုကွန်ရက်မှာ တင်ခဲ့တယ်လို့ Mirror ကဖော်ပြပါတယ်။
မန်ယူတိုက်စစ်မှူးလင်ဂတ်က မနှစ်တုန်းက အာဆင်နယ် အိမ်ကွင်းမှာ အနိုင်ရစဉ် ဂိုးသွင်းအပြီး ဟစ်ဟော့ အဆိုတော် မီလီရော့ခ်ရဲ့ ကဟန်ဖြင့် အောင်ပွဲခံခဲ့ဖူးပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာလည်း ဂိုးသွင်းအပြီး အဆိုပါ ကဟန်ဖြင့်ပင် အောင်ပွဲခံခဲ့ဖူးပြီး အာဆင်နယ်အိမ်ကွင်းက သူ့ရဲ့ အကဇာတ်ခုံလို့ လှောင်ပြောင် ပြောခဲ့ဖူးသူဖြစ်ပါတယ်။
ဒါကြောင့်လည်း မနေ့က အာဆင်နယ်အသင်းက အိမ်ကွင်းမှာ မန်ယူကို ၂-၀ နဲ့ ပြန်လည် အနိုင်ယူခဲ့ချိန်မှာတော့ - “ ကနိုင်သေးရဲ့လား? ကျေးဇူးပါ အီးမရိတ်၊ ဂန်းနားတွေအတွက် ဂုဏ်ယူတယ်” ဆိုပြီး အိုလ်ဇေးက ပြန်လည်ချေပရေးသားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အခုလို အနိုင်ရခဲ့လို့ အမှတ်ပေးဇယား အဆင့် ၄ နေရာကို လွှဲပြောင်းရယူနိုင်ခဲ့ပြီး မန်ယူကတော့ အဆင့် ၅ နေရာကို ဆင်းသက်ပေးခဲ့ရပြီ ဖြစ်ပါတယ်။