ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့မှာ လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကြောင့် အိမ်ကွင်း ၂ ကြိမ်ဆက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပွဲမကစားခင်ကတည်းက ပီအက်စ်ဂျီအသင်းပွဲထွက်လူစာရင်းကို ကြေညာချိန်အတွင်း ကြီးမားတဲ့ ဖန်သားပြင်ပေါ်မှာ လီယွန်နယ် မက်ဆီရဲ့ နာမည်ပေါ်လာချိန်မှာ ပီအက်စ်ဂျီပရိသတ်အချို့က ဝီစီမှုတ်ခဲ့ပြီး ၎င်းတို့ရဲ့ စိတ်ပျက်မှုကို ထုတ်ဖော်ပြသခဲ့ကြတာဖြစ်ပါတယ်။
ပထမပိုင်းမှာ လာကာဇက် ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် ဘရက်ဒ်လီ ဘာကိုလာရဲ့ ဒုတိယပိုင်းသွင်းဂိုးက လိုင်ယွန်အသင်းအတွက် အနိုင် ၃ မှတ်ရဖို့ လုံလောက်ခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ ဧည့်သည်အသင်း ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်တာမျိုး ရှားပါးခဲ့တာဖြစ်ပါတယ်။
လွန်းစ်က ရင်းနေးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး မာဆေးလ်က မောင့်ပယ်လီယေးနဲ့ ၁-၁ သရေကျခဲ့တာကြောင့် နှစ်သင်းစလုံးဟာ ပီအက်စ်ဂျီနဲ့ လီဂူးဝမ်း အမှတ်ပေးဇယားမှာ ၆ မှတ်သာ ကွာဟတော့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး ဂယ်လ်တီယေးရဲ့အသင်းဟာ ပြည်တွင်းအမှတ်ပေးဖလားကိုတောင် အမိအရ ကိုင်ဆုပ်ထားနိုင်ဖွယ်မရှိတော့တဲ့အနေအထား ရောက်ရှိလာနေတာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ နိုင်ငံတကာအားလပ်ရက်အတွင်း ပနားမား၊ ကူရာဆားတို့နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲအတွက် အာဂျင်တီးနားကို ပြန်သွားခဲ့ချိန်မှာ သူရဲကောင်းတစ်ဦးလို ကြိုဆိုခြင်းခံခဲ့ရတာကြောင့် မျက်ရည်ကျရလောက်တဲ့အထိ ဝမ်းသာပီတိဖြစ်ခဲ့ရပေမယ့်လည်း ပြင်သစ်ကို ပြန်လာချိန်မှာတော့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး အသင်းပရိသတ်တွေကိုယ်တိုင်ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖီ ဂယ်လ်တီယေးက အသင်းရဲ့ ရှုံးနိမ့်မှုအတွက် လီယွန်နယ် မက်ဆီနဲ့ အမ်ဘာပေတို့အပေါ်မှာပဲ အပြစ်ပုံချဖို့ ငြင်းဆန်ခဲ့ပြီး ကြယ်ပွင့်ကစာသးမားတွေဘက်ကနေ ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။
“လှောင်ပြောင်သံတွေက နားထောင်ဖို့ ခက်ခဲခဲ့တယ်ဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ မက်ဆီနဲ့ အမ်ဘာပေတို့က ခက်ခဲတဲ့အခြေအနေမှာ တစ်ခုခုလုပ်နိုင်မယ်လို့ မျှော်မှန်းချက်တွေ ရှိခဲ့ပါလိမ့်မယ်။ မက်ဆီက အရမ်းကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီး အားလုံးက မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့နားမှာရှိတဲ့ တခြားကစားသမားတွေကလည်း သူတို့အလုပ်ကို သူတို့လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ လီယိုနဲ့ ခီလီယန်တို့ဆီကနေ အရာအားလုံးကို မျှော်မှန်းထားလို့ မရနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Share