ပင်လယ်ပြင်မှာ အင်တာနက်ကို 350Mbps နှုန်းနဲ့အထိ သုံးနိုင်မယ့် Starlink Maritime ဝန်ဆောင်မှုကို SpaceX က စတင်လိုက်ပြီ ဖြစ်ပါတယ်။
ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC အနေနဲ့ ယာဉ်တွေပေါ်မှာ အင်တာနက်ဝန်ဆောင်မှုပေးဖို့ ခွင့်ပြုချက် ထုတ်ပေးပြီးနောက် Starlink ဟာ ရွက်လှေ နဲ့ သင်္ဘောတွေလို ရေယာဉ်တွေမှာ အသုံးပြုဖို့ အကြမ်းပတမ်းအသုံးခံတဲ့ ဂြိုလ်တုဖမ်းစက်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဒီဂြိုလ်တုဖမ်းစက်နဲ့အတူ Starlink ရဲ့ ပင်လယ်ပြင်သုံး မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုကိုပါ လွှင့်တင်လိုက်တာ ဖြစ်ပါတယ်။
Starlink Maritime ဝန်ဆောင်မှုဟာ အတော်လေး ပိုက်ဆံရှိမှ သုံးနိုင်မယ့် ဝန်ဆောင်မှု ဖြစ်ပြီး စက်ချည်းသက်သက် ဒေါ်လာ ၁ သောင်း (မြန်မာငွေ သိန်း ၂၀၀ နီးပါး) ကျသင့်မှာပါ။ ဝန်ဆောင်မှုကိုတော့ တစ်လ ဒေါ်လာ ၅၀၀၀ (မြန်မာငွေ သိန်း ၁၀၀ နီးပါး) ကုန်ကျမှာ ဖြစ်ပြီး မသုံးဖြစ်တဲ့အချိန်မှာ ဝန်ဆောင်မှုကို ရပ်ထားလို့ ရနိုင်ပါတယ်။ Service စသုံးတာနဲ့ တစ်လစာအပြည့်တော့ ပေးရဖို့ ရှိပါတယ်။
ပုံမှန် Starlink အင်တာနက်ဝန်ဆောင်မှုဟာ လစဉ်ကြေး ဒေါ်လာ ၁၁၀ (မြန်မာငွေ ၂ သိန်းကျော်) နှုန်းနဲ့ လိုအပ်တဲ့ Hardware ပစ္စည်းတွေအတွက် ဒေါ်လာ ၆၀၀ (မြန်မာငွေ ၁၂ သိန်းခန့်) သတ်မှတ်ထားပါတယ်။ လှိုင်းထန်တဲ့ ပင်လယ်ပြင်မှာ ဆက်သွယ်ရေးစနစ်ကို ပြတ်တောက်မသွားအောင် ထိန်းသိမ်းရတာ ဖြစ်လို့ စက်ပစ္စည်းရဲ့ အထူးအစိတ်အပိုင်းရဲ့ အရေးပါမှုအကြောင်းကို အီလွန်မတ်စ်က သူ့ရဲ့ Tweet တစ်ခုမှာ ရှင်းလင်းထားပါတယ်။
ကုမ္ပဏီထုတ် Starlink Maritime ဟာ ပြင်းထန်တဲ့ ရာသီဥတုတွေကို ခံနိုင်ရည်ရှိပြီး ခရီးသည်တင် သင်္ဘောတွေကနေ ရေနံတင်သင်္ဘောတွေ ၊ ဇိမ်ခံရွက်လှေတွေအထိ အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီဟာ Stalink Maritime ဝန်ဆောင်မှုကို သုံးပြီး SpaceX ဒုံးကျည် ပင်လယ်ပြင်မှာ ဆင်းသက်ချိန် ရိုက်ကူးမှတ်တမ်းတင်မှုတွေ လုပ်ရာမှာလည်း သုံးပါတယ်။
Starlink Maritime စာမျက်နှာမှာ ဒီဝန်ဆောင်မှုကို ကမ္ဘာတလွှား အစွန်အဖျား ရေပိုင်နက်တွေမှာ ချိတ်ဆက်ဖို့ အသုံးပြုနိုင်တယ်လို့ ဆိုထားပြီး လောလောဆယ်မှာတော့ အမေရိကန် ကမ်းရိုးတန်း ၊ ဥရောပ (နော်ဝေး ၊ ဆွီဒင် နဲ့ ဖင်လန်တို့ မပါ) ၊ ဩစတြေးလျ ၊ ဘရာဇီး ၊ ချီလီ ၊ နယူးဇီလန် နဲ့ ဩစတြေးလျတောင်ပိုင်းနေရာအများစုမှာပဲ အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။
၂၀၂၂ စတုတ္ထသုံးလပတ်နဲ့ နောက်နှစ်တွေမှာ ဒီထက်ပိုပြီး နေရာများများမှာ ဆက်သွယ်မှုလုပ်နိုင်အောင် ဖြန့်ချိဖို့လည်း မျှော်လင့်ထားပါတယ်။ SpaceX ဟာ ပြီးခဲ့တဲ့ မေလက တစ်နေရာက တစ်နေရာကို ရွေ့လျားနိုင်တဲ့ Recreational Vehicles (RV) ကားပိုင်ရှင်တွေအတွက် တစ်လ ၁၃၅ ဒေါ်လာကျသင့်မယ့် Starlink for RV ဝန်ဆောင်မှုတစ်ခု မိတ်ဆက်ထားပါတယ်။ လောလောဆယ် SpaceX ဟာ Starlink ဂြိုလ်တုပေါင်း ၂ ထောင်ခန့်လွှင့်တင်ထားပြီး အင်တာနက်သုံးစွဲသူ ၂ သိန်းခွဲခန့် ရရှိထားတယ်လို့လည်း ဆိုပါတယ်။