ပါဆယ်စနစ်နဲ့မရောင်းပဲ ဆိုင်မှာထိုင်စားခွင့်ပေးခဲ့တာကြောင့် အရေးယူခဲ့တာပါ။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းက လှေခွင်းတောင်မှာ ဒေသန္တရအမိန့်ဖောက်ဖျက်ပြီး စျေးရောင်းတဲ့ ငွေလှေမင်း ဆိုင်ရှင်ကို တည်ဆဲဥပဒေအရ ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။

နေပြည်တော်က လှေခွင်းတောင် လို့ အများသိကြတဲ့ မြစ်ကမ်းဘေးတစ်လျှောက်မှာ အပန်းဖြေတာတွေ၊ ရေကစားတာတွေ၊ လူ ၅ ဦးထက်ပိုတဲ့ စုဝေးမှုတွေ မပြုလုပ်ဖို့၊ ဆိုင်တွေအနေနဲ့လည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားထားပေမယ့်လည်း ငွေလှေမင်း အပန်းဖြေစခန်းကတော့ အမိန့်ချိုးဖောက်ပြီး ရောင်းချခဲ့တဲ့အတွက် အရေးယူထားတယ်လို့ သိရပါတယ်။ 



“ဒေသန္တရအမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းဖို့ပဲ ညွှန်ကြားထားပါတယ်။ ဆိုင်တွေကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရဲအဖွဲ့တွေနဲ့ သွားစစ်ဆေးကြည့်တော့ (ငွေလှေမင်း) ဆိုင်မှာ စုဝေး စားသောက်နေတာတွေ့ရတယ်။ ဒါကြောင့် အမိန့်ချိုးဖောက်ပြီးရောင်းချတဲ့ ဆိုင်ရှင်ကို အရေးယူတယ်”လို့ ကျည်တောင် အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းက Duwun ကို ပြောပါတယ်။

လှေခွင်းတောင်လို့ အများသိကြတဲ့ ကျည်တောင်၊ ခေါ်မ၊ သာယာဝှမ်း မြစ်ကမ်းဘေး တစ်လျှောက်က စျေးဆိုင်ခန်းတွေကို ပိတ်သိမ်းခိုင်းထားပြီး လာရောက် အပန်းဖြေသူတွေကိုလည်း ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ထားမြစ်ထားခဲ့ပါတယ်။

အဲ့ဒီအမိန့်ဟာဆိုရင်တော့ လူ (၅) ဦးထက်ပိုပြီး စုဝေးစားသောက်တာတွေ၊ သွားလာပျော်ပါးတာတွေ မပြုလုပ်ဖို့ မေလ (၈) ရက်နေ့ ကထုတ်ပြန်ထားမြစ်ထားတာဖြစ်ပါတယ်။

အမိန့်ကို ဖောက်ဖျက်ခဲ့တဲ့ ငွေလှေမင်း အပန်းဖြေစခန်း ဆိုင်ရှင်ကိုတော့ (၁၀) ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ခဲ့ကာ သက်ဆိုင်ရာ ဇေယျာသီရိမြို့နယ် တရားရုံးက ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့တာကိုတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က