အလုပ်သမားတွေက အဆိုင်းနဲ့ အလုပ်ချိန်ခွဲဆင်းရမှာပါ။

COVID 19 အတည်ပြု လူနာနံပါတ်(၁၄၄)အလုပ်လုပ်တဲ့ လှိုင်သာယာစက်မှုဇုန်က ချန်းရိဖိနပ်စက်ရုံကို မေလ(၇)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။ 

လူနာနံပါတ်(၁၄၄)မှာ ရောဂါပိုးတွေ့ရှိပြီးနောက် စက်ရုံကို ပိတ်ထားခဲ့တာဖြစ်ပြီး လူနာက (၁၅)ရက်နေ့ကတည်းက နေရပ်ကိုပြန်သွားတာကြောင့် စောင့်ကြည့်ကာလက(၂၁)ရက်ပြည့်သွားပြီဖြစ်လို့ မေလ(၇)ရက်နေ့မှာတာဝန်ရှိသူတွေက ပြန်ဖွင့်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 



“ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အရ မေလ(၇)ရက်နေ့မှာ ပြန်ဖွင့်မယ်။ လူနာကလည်း စက်ရုံမှာ မရှိတာ (၁၅)ရက်နေ့ကတည်းကဆိုတော့ အခုမေလ(၆)ရက်နေ့ဆို (၂၁)ရက်နေ့ပြည့်ပြီ။ စောင့်ကြည့်ကာလပြီးသွားလို့ ပြန်ဖွင့်ခွင့်ပြုတဲ့သဘော။ ပြီးတော့ လူနာနဲ့ အတူအနီးကပ်ထိတွေ့ခဲ့သူတွေ(၁၀၀)ကျော်ကိုလည်း ဆေးစစ်တာ အားလုံး Negative ဆိုတော့ စိုးရိမ်စရာမရှိတဲ့သဘောပါ။ စက်ရုံပြန်မဖွင့်ခင်မှာတော့ စက်ရုံကို စစ်ဆေးမှုတွေလုပ်သွားအုံးမှာပါ” လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက Duwun ကိုပြောပါတယ်။

ချန်းရိဖိနပ်စက်ရုံမှာက ဝန်ထမ်းပေါင်း (၉)သောင်းကျော်ရှိပြီး အခုစက်ရုံပြန်ဖွင့်တဲ့အခါမှာ သတ်မှတ်စည်းကမ်းချက်တွေအတိုင်း ဝန်ထမ်းအားလုံးကို တစ်ချိန်တည်းစုပြုံအလုပ်ဆင်းခိုင်းမှာမဟုတ်ဘဲ အချိန်ပိုင်းခွဲပြီး နေ့ဆိုင်း ညဆိုင်းဆင်းခိုင်းမှာဖြစ်တယ်လို့ ဦးမြတ်မင်းသူကပြောပါတယ်။ လူနာနံပါတ် (၁၄၄)က ချန်းရိစက်ရုံမှာ တရုတ်ဘာသာပြန်ဝန်ထမ်းတစ်ဦးဖြစ်ပြီး အလုပ်ဝင်ရောက်လုပ်ကိုင်တာ (၁)လသာရှိပါသေးတယ်။ 

ဧပြီလ အစပိုင်းလောက်ကစပြီး ကျန်းမာရေးမကောင်းတာကြောင့်ဧပြီ (၁၅)ရက်နေ့မှာ နေရပ်ဇာတိ မိုးညှင်းကိုပြန်သွားခဲ့ပြီး မိုးညှင်းရောက်မှ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ချန်းရိဖိနပ်စက်ရုံကို သင်္ကြန်ကာလအပြီး ဧပြီ(၂၂)ရက်နေ့မှာ စက်ရုံအလုပ်ရုံတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီမှုရှိခဲ့လို့ ဧပြီ(၂၄)ရက်နေ့မှာ စက်ရုံကိုဖွင့်ခွင့်ပေးခဲ့ပြီး အတည်ပြုလူနာတွေ့ရှိပြီးနောက်မှတော့ စက်ရုံကိုပြန်လည်ပိတ်သိမ်းခဲ့တာပါ။ ယခုအခါမှာတော့ မေလ(၇)ရက်နေ့မှာ စက်ရုံကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က