သရုပ်ဆောင် ထွန်းထွန်းကတော့ “ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲမှာ ကလေးတွေနဲ့ ရိုက်ကူးရမယ့်အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။
Photo: Khin Hlaing
သရုပ်ဆောင် ထွန်းထွန်းကတော့ “ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲထဲမှာ မင်းရွှေရောင်ထင် ရဲ့ အစ်ကိုအဖြစ် ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ သူဟာ အဓိကဇာတ်ကောင် နေရာက ပါဝင်ပေးသွားမှာ မဟုတ်ဘူးလို့ Duwun ကနေ ပြောပြလာပါတယ်။
“ ဆိုးပေ ဇာတ်လမ်းတွဲထဲမှာ ကျွန်တော်က ဆိုးပေရဲ့ အစ်ကို နေရာကနေ ပါဝင်သရုပ်ဆောင်မှာပါ။ ကလေးတွေ အတွက် ပါဝင်အားဖြည့်ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Main ကာရိုက်တာကတော့ ကလေးတွေပါပဲ။ ကျွန်တော်တို့ ပိုင်ဖြိုးသု တို့က ကလေးတွေကို ပံ့ပိုးပေးဖို့ လာရိုက်ကူးပေးခြင်းပေါ့။ ဒီမှာဆိုရင် ကလေးဇာတ်လေးတွေက ရှားတယ်လေ ဒါကြောင့်လည်း ဇာတ်ကားရိုက်ဖို့ လက်ခံဖြစ်သွားတာပါ” လို့ သူက ဆိုပါတယ်။
Photo: Khin Hlaing
ဆိုးပေ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ကလေးသရုပ်ဆောင်များ အနေနဲ့ မင်းရွှေရောင်တင်၊ လပြည့်ထွန်း၊ သုတအောင်၊ စွမ်းစွမ်း၊ သူရမြင့်မြတ်ကျော်၊ ရှိုင်းဝဏအောင်၊ သုမန်အောင် နဲ့ အိန်ဂျယ်ဝတ်မှုံတို့က ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။
ကလေးတွေနဲ့ အတူတွဲ သရုပ်ဆောင်ရမှာ ဖြစ်လို့လည်း အရမ်းပျော်တယ်လို့ ထွန်းထွန်းက သြဂုတ်လ (၉) ရက်နေ့ မနက်က ဆိုးပေ ဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
“ ကျွန်တော်က တကယ်ဆိုရင် လူ့သဘာဝ အရ စိတ်မရှည်တတ်ဘူးပေါ့နော်။ ဒါပေမယ့် ကလေးတွေနဲ့ ပတ်သက်လာရင်တော့ စိတ်ရှည်တယ်။ ကိုယ်တိုင်ကလည်း ကလေးလေးတွေဆို ချစ်တတ်တယ်။ အခုတောင် ဇာတ်လမ်းတွဲရိုက်ရင် ကလေးတွေရဲ့ အလွှဲလေးတွေ၊ ဟန်ပန်လေးတွေက ချစ်စရာကောင်းနေတော့ ကျွန်တော့် အတွက် အမောပြေမှာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: Tun Tun
ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။