ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာရဲ့ မနေ့ညက သတင်းထုတ်ပြန်ချက်ထဲမှာ ထပ်တိုးလူနာ (၃၂) ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်က (၃) ဦး ပဝင်ခဲ့ပါတယ်။
လှိုင်က ပိုးတွေ့လူနာ (၃)ဦးက ဘုရင့်နောင်စစ်ကြောရေးစခန်းမှာ ကွာရန်တင်းဝင်နေတဲ့ တပ်မတော်သားတစ်ဦး၊ ရခိုင်ကပြန်လာတဲ့ သူတစ်ဦးနဲ့ (၅)လသားအရွယ်ကလေးတစ်ဦးတို့ဖြစ်ပါတယ်။ ရခိုင်ကပြန်လာတဲ့သူက လှိုင်မြို့နယ် (၁၆)ရပ်ကွက် ပါရမီလမ်းမှာနေထိုင်တဲ့သူဖြစ်ကာ ရခိုင်ကနေ လေယာဉ်နဲ့ ပြန်လာတဲ့သူဖြစ်ပြီး ညတွင်းချင်းလူနာနဲ့ အတူနေ မိသားစု (၅)ဦးကို လာရောက်ခေါ်ဆောင်သွားပြီး တိုက်တစ်ခုလုံးကို Lock Down လုပ်ထားပြီဖြစ်ပါတယ်။
“ ညကတွေ့တဲ့ (၃)ဦးထဲမှာ အရေးကြီးဆုံးကတော့ (၅)လသားကလေးပါ။ ကလေးရဲ့ မိဘတွေနဲ့ ဦးလေးတွေက သီရိမင်္ဂလာဈေးမှာအလုပ်လုပ်တယ်။ အတူနေမိသားစုကလည်း (၁၂)ဦးလောက်ရှိတယ်။ မိသားစုထဲမှာ ဒီကလေးက ပထမဆုံးပိုးတွေ့တာဆိုတော့ ဘယ်ကကူးမှန်းမသိဘူး။ အတူနေမိသားစု (၁၂)ဦးနဲ့ တခြားထိတွေ့ထားသူ (၂)ဦး အားလုံးကို ဒီကနေ့ မနက်မှာ ကွာရန်တင်းစင်တာကိုပို့ပါပြီ။ ဓာတ်ခွဲစစ်ဆေးပြီး အဖြေသိမှ ကူးစက်မှုရာဇဝင်ကိုသိရမှာပါ”လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက Duwun ကိုပြောပါတယ်။
(၅)လသားအရွယ်ကလေးက ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ချွဲကျပ်နေတာကြောင့် (၃၁)ရက်နေ့ ညမှာ ဟယ်လ်ပင်ကလေးဆေးရုံကို သွားပြခဲ့ရာကနေ ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ခဲ့ရာကတဆင့် ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ (၃၁)ရက်နေ့ညက ဆေးရုံကို လိုက်ပို့ခဲ့တဲ့ Taxi ယာဉ်မောင်းကိုလည်း ဒီမနက်မှာ ကွာရန်တင်းစင်တာကိုပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။
မိသားစုဝင်အားလုံးထဲမှာ (၅)လသားအရွယ်က ပိုးစတွေ့ခဲ့တာဖြစ်လို့ ဒီမိသားစုထဲမှာပဲ ပိုးရှိတဲ့သူတွေရှိနေနိုင်ပြီး အားလုံးကို ကွာရန်တင်းစင်တာပို့ကာ ဓာတ်ခွဲ စစ်ဆေးမှုတွေလုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။ လှိုင်မှာတွေ့ရှိခဲ့တဲ့ (၅)လသားအရွယ်ကလေးငယ်ဟာ လက်ရှိ ကိုဗစ်လူနာတွေထဲမှာ ဒုတိမြောက်အသက်အငယ်ဆုံးဖြစ်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံမှာ အသက်အငယ်ဆုံးကိုဗစ်လူနာက ရခိုင်ပြည်နယ်က အသက်(၂)လသားအရွယ်ကလေးငယ်ဖြစ်ပါတယ်။