ညဘက်မှာ အသောက်များပြီး မနက်ခင်းမှာ အရက်နာကျတဲ့ဝေဒနာကို ခံစားဖူးကြမှာပါ။
ဒီဝေဒနာက အတော်လေးခံစားရခက်လို့ အရက်နာကျတဲ့လူတိုင်း အမြန်ဆုံးသက်သာချင်ကြပါတယ်။ အရက်နာကျပြီဆိုရင် အဓိကခံစားရတဲ့ ဝေဒနာက ခေါင်းကိုက်တာ၊ ပျို့အန်တာနဲ့ အစာချေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားရတာပါ။ အရက်နာကျတာ ခံရခက်တာကြောင့် အမြန်ဆုံးသက်သာစေမယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
ဥစားပေးပါ
Photo: Deccan
ဥမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်က ခန္ဓာကိုယ်အတွင်း အရက်ရဲ့ဇီဝဖြစ်စဉ်ကိုအားပေးတဲ့ Acetaldehyde ဓာတ်ကိုချေဖျက်ပေးပါတယ်။ အရက်အများကြီးသောက်မိတဲ့အခါမှာ ခန္ဓာကိုယ်က Acetaldehyde ဓာတ်ကိုချေဖျက်ဖို့အတွက် နှေးကွေးသွားပါတယ်။ သွေးထဲမှာ Acetaldehyde ဓာတ်များနေမယ်ဆိုရင် ချွေးထွက်များခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းစတဲ့ အရက်နာကျတဲ့ လက္ခဏာကိုခံစားရစေပါတယ်။
ငှက်ပျောသီးစားပါ
Photo: Food For Net
ငှက်ပျောသီးက ပိုတက်စီယမ်ကြွယ်ဝတဲ့ အသီးအနှံတစ်မျိုးပါ။ ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ်ပမာဏ (၄၂၅) မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာလိုအပ်တဲ့ ပိုတက်စီယမ်ရဲ့ (၁၂) ရာခိုင်နှုန်းရှိပါတယ်။ ငှက်ပျောသီးစားပေးတဲ့အတွက် ခန္ဓာကိုယ်မှာခံစားရတဲ့ ညောင်းညာကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ကြွက်တက်တာ စတဲ့ အရက်နာကျတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။
အငန်ဓာတ်ပါတဲ့ သွားရည်စာ စားပေးပါ
Photo: BBC
ညက အလွန်အကျွံသောက်ပြီး ကုန်ခန်းသွားတဲ့ ဆိုဒီယမ်ပမာဏကို ပြန်ဖြည့်ဖို့လိုပါတယ်။ ဒါကြောင့် အရက်နာနေတဲ့ မနက်ခင်းမျိုးမှာ အငန်ဓာတ်ပါတဲ့ သွားရည်စာမျိုးစားပေးဖို့လိုပါတယ်။ ဆိုဒီယမ်ကြွယ်တဲ့ အစားအသောက်အချို့ကို ညွှန်းရမယ်ဆိုရင်တော့
- သခွားချဉ်
- သံလွင်သီး
- ကြက်သားခေါက်ဆွဲပြုတ်
ဂျင်း
Photo: The Healthy Tart
အရက်နာကျခြင်းကြောင့် အစားအသောက်စားရတာအဆင်မပြေဖြစ်နေရင် အကောင်းဆုံးကတော့ လတ်ဆတ်တဲ့ ဂျင်းကိုစားပေးပါ။ ဂျင်းမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ မဂ္ဂနီစီယမ်က ပျို့အန်ခြင်းနဲ့ သွေးလှည့်ပတ်မှုဆိုင်ရာ ပြဿနာတွေကို သက်သာစေပါတယ်။
ဂျင်း လတ်လတ်ဆတ်ဆတ်ကို ခြစ်ပြီး ရေ(သို့) အအေးခံထားတဲ့ လက်ဖက်ရည်နဲ့ရောစပ်သောက်သုံးပေးမယ်ဆိုရင် အစာအိမ်ကိုငြိမ်သက်စေပြီး အာရုံကြောကိုလည်းတည်ငြိမ်လာစေနိုင်ပါတယ်။
ပျားရည်
Photo: BBC
အရက်အလွန်အကျွံသောက်မိသွားရင် သွေးအတွင်းသကြားဓာတ်လျော့နည်းသွားတတ်တဲ့အတွက် အချိန်အကြာကြီး အိပ်နေမယ်ဆိုရင်တောင် မောပန်းနွမ်းနယ်နေတတ်ပါတယ်။ ပျားရည်ကတော့ မနက်ခင်းမှာ မျက်လုံးမဖွင့်နိုင်တဲ့အခြေအနေမျိုးနဲ့ကြုံခဲ့ရင် အားအင်ဖြစ်အောင်တွန်းအားပေးနိုင်ပါတယ်။
ပျားရည်မှာ ပါဝင်တဲ့ fructose က ခန္ဓာကိုယ်က အယ်လ်ကိုဟောလ်ကို ချေဖျက်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ပျားရည်မှာ ယောင်ရမ်းမှုကိုသက်သာစေတဲ့ အင်ဇိုင်းတွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို အားသစ်မွေးဖို့ကူညီပေးနိုင်ပါတယ်။
ရေသောက်ပါ
Photo: Layla Sleep
အလွယ်ကူဆုံးနဲ့အရေးအပါဆုံးအချက်ပါ။ အရက်နာကျခြင်းအတွက် အကောင်းဆုံးဆေးတစ်ခွက်က ရေဖြစ်တယ်ဆိုတာကို လုံးဝသံသယမရှိလိုက်ပါနဲ့ အရက်နာကျချိန်မှာ ရေဓာတ်ဆုံးရှုံးနေတဲ့အတွက် ရေများများသောက်ဖို့လိုသလို ပါတီပွဲတွေမှာလည်း အရက်နဲ့အတူ ရေ(သို့) အချိုရည်တွေကို များများသောက်ပေးသင့်ပါတယ်။
ကော်ဖီသောက်ပါ
Photo: Daily Star
အရက်နာကျပြီး ပင်ပန်းနွမ်းနယ်နေချိန်မှာ ကော်ဖီသောက်ပေးတာက ပိုမိုကောင်းမွန်တဲ့ခံစားချက်ကိုရစေပါတယ်။
ကဖင်းဓာတ်က ခေါင်းကိုက်ခြင်းကိုသက်သာစေပြီး စွမ်းအင်ကိုမြှင့်တင်ပေးနိုင်ပါတယ်။ သတိပြုရမှာက ကဖင်းဓာတ်ပါတဲ့ အချိုရည်အချို့ကိုတော့ မသောက်သုံးမိဖို့လိုပါတယ်။
Ref: insider.com
Share