ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် အမ်ဘာပေဟာ မနေ့ညက နယ်သာလန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို လှလှပပသွင်းယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့်ပဲ အမ်ဘာပေက ပလာတီနီ၊ ဒက်ဆယ်လီတို့ရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။
ပွဲကစားချိန် (၇) မိနစ်မှာတင် အမ်ဘာပေက ရာဘီရော့နဲ့ ဝမ်းတူးရိုက်ပြီး ရလာတဲ့ ဘောလုံးကို နယ်သာလန်ဂိုးပေါက်ထဲ ဝေ့ဝဲပြီး ကန်သွင်းခဲ့တာပါ။ ကန်ချက်က အားပါ လှပခဲ့ပြီး နယ်သာလန်ဂိုးသမား ကာကွယ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘဲ ဂိုးဝင်သွားခဲ့တာပါ။
ဒီသွင်းဂိုးအပြီး တစ်မိနစ်အကြာမှာပဲ ချေပဂိုးပြန်ပေးခဲ့ရပေမယ့် ပြင်သစ်အတွက် အနိုင်ဂိုးကို အမ်ဘာပေကပဲ ပွဲကစားချိန် ဒုတိယပိုင်းမှာ သွင်းယူကာ အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်ပဲ ပြင်သစ်တို့ လာမယ့်နွေရာသီမှာ ကစားမယ့် ယူရို - ၂၀၂၄ ပြိုင်ပွဲကြီးကို သွားရောက် ကစားခွင့်ရရှိခဲ့ပါပြီ။
အမ်ဘာပေဟာ (၁၉၉၉) ခုနှစ်မှာ ဒက်ဆယ်လီနောက်ပိုင်း ပြင်သစ်လက်ရွေးစင်နဲ့အတူ (၆) ပွဲဆက်နိုင်ပွဲကို ရယူနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေက ပလာတီနီရဲ့ ပြင်သစ်အတွက် ဂိုးသွင်းစံချိန်ကိုလည်း ကျော်တက်နိုင်ခဲ့ပါတယ်။
အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်မှာ စတုတ္ထမြောက် ဂိုးသွင်းအများဆုံးဖြစ်တဲ့ ပလာတီနီရဲ့ စံချိန်ကို ကျော်တက်နိုင်ခဲ့တာဖြစ်ပြီး ဂိုးသွင်းအများဆုံးဖြစ်တဲ့ ဂျရူးရဲ့ စံချိန်ကို လိုက်မီဖို့အတွက်လည်း (၁၂) ဂိုးသာ လိုအပ်ပါတော့တယ်။