စည်ပင်ဥပဒေအရ အရေးယူမှာပါ။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ဘော်ဒါဆောင်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေဖော်ဝါရီလ ၇ ရက်မှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

(ရန်ကုန်တိုင်းလွှတ်တော်မှာ မြို့တော်ဝန်က ပြန်လည်ဖြေကြားစဉ်)

လှိုင်သာယာလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်မြို့တော်အတွင်း ပုဂ္ဂလိကအဆောင်များနဲ့ စပ်လျဉ်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များကို မည်သည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုကြောင်းကို မေးမြန်းရာမှာ မြို့တော်ဝန်က အခုလို ဖြေကြားခဲ့တာပါ။

“လိုင်စင်လျှောက်ထားမှုအပေါ် သတ်မှတ်ချက်များနဲ့ ကိုက်ညီမှုရှိ ၊ မရှိ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများမှ မြေပြင်ကွင်းဆင်း စိစစ်ပြီးတော့ ခွင့်ပြုနိုင်တဲ့လုပ်ငန်းများကို ခရိုင်စည်ပင်သာယာရေးမှူးရုံးက ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။ လိုင်စင်စည်းကမ်းနဲ့အညီ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ဘော်ဒါဆောင်များကို ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်” လို့ မြို့တော်ဝန်က ဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ၂၀၁၈ ခုနှစ်၊ ပုဒ်မ ၃၂၃ ပုဒ်မခွဲ (က) အရ ကော်မတီရဲ့ ခွင့်ပြုချက်လိုင်စင်မရှိပဲ ဘော်ဒါဆောင်နှင့် တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရလို့ ပြဌာန်းထားပြီး ဒီပြဌာန်းချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နမိတ် (၃၃) မြို့နယ်အတွင်း ဘော်ဒါဆောင်လုပ်ငန်း လုပ်ကိုင်လိုပါက ကော်မတီမှ ထုတ်ပေးတဲ့ လိုင်စင်ကို ရယူဖို့လိုအပ်တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ နည်းဥပဒေ ၂(စ) အရ တည်းခိုခန်း (ဒါမှမဟုတ်) ဘော်ဒါဆောင်ဆိုသည်မှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနဲ့ တည်းခိုရိပ်သာများမှအပ အခြား တည်းခိုခန်း (သို့မဟုတ်) ဘော်ဒါဆောင်ကို ဆိုလိုတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က