ဘာစီလိုနာအသင်းအတွက် ရောဘတ် လီဗန်ဒေါ့ဗ်စကီး နောက်ထပ် ၂ ဂိုးသွင်းယူနိုင်မယ်ဆိုရင် ကတ်တလန်အသင်းကြီးဟာ ယူရို ၁.၂၅ သန်း ကုန်ကျလိမ်မယ်လို့ သိရပါတယ်။
ပိုလန်တိုက်စစ်မှူးက ဘိုင်ယန်မြူးနစ်အသင်းကနေ ပြီးခဲ့တဲ့နွေရာသီမှာ ပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဟာ လီဗန်ဒေါ့ဗ်စကီးက ကတ်တလန်အသင်းအတွက် ၂၅ ဂိုး သွင်းယူနိုင်ရင် ထပ်ဆောင်းပေးချေမှု ရရှိမှာဖြစ်ပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ လီဗန်ဒေါ့ဗ်စကီးရဲ့ ဘာစီလိုနာအသင်းမှာ ဂိုးမြူးတဲ့ကစားသမားဘဝစတင်မှုက လာလီဂါအသင်းကို ငွေကြေးအချို့ ကုန်ကျစေနိုင်တယ်လို့ သိရပြီး ပိုလန်တိုက်စစ်မှူးဟာ ဘာစီလိုနာအတွက် ၂၅ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂၃ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်နေခြင်းမရှိတဲ့အသင်းဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ကို အငှားနဲ့တောင် ခေါ်ယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘွန်ဒက်စ်လီဂါမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် နွေရာသီမှာ နူးကမ့်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနေပေမယ့်လည်း ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေသာ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဇာဗီရဲ့အသင်းဟာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ထက် ၅ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးဟာ ယခုအပတ် တနင်္ဂနွေနေ့ ဆီဗီလာနဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်မယ်ဆိုရင် ၂၅ ဂိုး ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။