ဒီကနေ့ညမှာ ကစားမှာဖြစ်ပြီး ဆိုးလ်ရှားရဲ့ ပြောစကားက လီဗာပူးအတွက် ပေါက်ကွဲအားဖြစ်လာစေမလား သိမ်ငယ်စိတ်ဖြစ်သွားစေမလားဆိုတာကတော့ ဒီကနေ့ညမှာ အဖြေပေါ်မှာပါ။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့လီဗာပူးအသင်းတို့ကတော့ ဒီကနေ့ည(အောက်တိုဘာ ၂၀) မြန်မာစံတော် ချိန် ည ၁၀ နာရီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် ယှဉ်ပြိုင်ကစားပါတော့မယ်။
ဒီပွဲစဉ်မတိုင်ခင်မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက မိမိတို့ မန်ချက်စတာယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် ဆုဖလားရဖို့ နှစ် ၃၀ လောက်တော့ စောင့်ရမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောလိုက်တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။
ဒီပြောစကားက လီဗာပူးအတွက် အထိနာစေခဲ့ပြီး အကြောင်းကတော့ လီဗာပူးအသင်းဟာ ၁၉၉၀နောက်ပိုင်း ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်ခြင်း မရှိတော့တာကြောင့် အခုဆိုရင် နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကတော့ ၂၀၁၂-၁၃ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို နောက် ဆုံးရထားလို့ လီဗာပူးအသင်းထက်စာလျှင် ဆုဖလားမရရှိမှု သက်တမ်းနုနေသေးတာလည်း ဖြစ်ပါတယ်။
“ မန်ချက်စတာယူနိုက်တက်ကတော့မကြာခင် ချန်ပီယံသရဖူကို တစ်ကျော့ ပြန်ယူနိုင်တော့မှာပါ။ အခုချိန်မှာ ကျွန်တော်တို စောင့်ဖို့လိုပါသေးတယ်၊ ဒါပေမယ့် သေချာပါတယ် နှစ် ၃၀ လောက်တော့ မစောင့်ရပါဘူး။” လို့ ဆိုးလ်ရှားက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ မီဒီယာကို ဖြေကြားလိုက်တာပါ။
ယူနိုက်တက်အသင်းကတော့ လီဗာပူးကို အိမ်ကွင်းဧည့်ခံ ကစားရမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲလုံးဝမရှိသေးပဲ လီဗာပူးကတော့ ၈ ပွဲစလုံးကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။