ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရယူထားပြီး ပြိုင်ပွဲစုံမှာ ပုံစံကောင်းတွေပြသနေတဲ့ လီဗာပူးအတွက်တော့ ဒီသတင်းက မနှစ်မြို့စရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး ကမ္ဘာကျော်အမှတ်တံဆိပ်ကြီးတခုကို မသမာသူတွေက ကိုကင်း သယ်ယူပို့ဆောင်တဲ့နေရာမှာ အသုံးချခဲ့တာကြောင့်ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးကိစ္စရပ်တွေမှာ နာမည်ကျော်ကြားတဲ့ တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံက နယ်စပ်မြို့တမြို့ဖြစ်တဲ့ ပတ်ဒရိုဟွမ်ကာဘယ်လာရိုမြို့မှာ လီဗာပူးရဲ့ လိုဂိုအမှတ်တံဆိပ် ကပ်နှိပ်ထားတဲ့ ကိုကင်းတွေ ကီလို (၂၀၀) ကျော်အထိ ဖမ်းဆီးရမိခဲ့တာပါ။
ဒါပေမယ့် ဒါက လီဗာပူးနဲ့ လုံးဝမသက်ဆိုင်ဘဲ ဒီကိုကင်းတွေကို တရားမဝင်သယ်ယူဖို့ ကြိုးစားခဲ့တဲ့လူတွေက အာရုံပြောင်းဖို့ လီဗာပူး အမှတ်တံဆိပ်ကို အသုံးချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တဖက်မှာလည်း လီဗာပူး အမှတ်တံဆိပ်ပေါ်က ပုံမှန်စာသားတွေကို ပြောင်းလဲထားပြီး လီဗာပူးရဲ့ မူလဆောင်ပုဒ် “You’ll Never Walk Alone” အစား “You’ll Never Sort Alone” လို့ ရေးသားခဲ့ပါသေးတယ်။ အဓိပ္ပာယ်ကတော့ “မင်းတယောက်တည်း ဘယ်တော့မှရှူရှိုက်ရမှာမဟုတ်ဘူး” လို့ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကတော့ လတ်တလောမှာ တော်တော်လေး ဟိုးလေးတကျော်ဖြစ်လာခဲ့ပြီး တွစ်တာပေါ်က ပရိသတ်တွေကတော့ လီဗာပူးကို နောက်ပြောင်နေကြပါတယ်။ လီဗာပူးအနေနဲ့ ဆာလာကို စာချုပ်သစ်ချုပ်ဆိုဖို့ လစာငွေ မတတ်နိုင်လို့ အခုလို ကိုကင်းတွေ ဖြန့်ချိနေရပြီလို့ဆိုသလို အချို့ ပရိသတ်တွေကလည်း လာမယ့်နွေရာသီမှာ ဟာလန်းနဲ့အမ်ဘာပေတို့ကို ကြားဖြတ်ခေါ်ယူဖို့ လီဗာပူးတို့ အခုတည်းက ပိုက်ဆံရှာနေပြီလို့ အသီးသီး နောက်ပြောင်ခဲ့ကြတာပါ။
လီဗာပူးဟာ သူတို့ရဲ့ အဓိက,ကစားသမား ဆာလာကို စာချုပ်သစ်ချုပ်နိုင်ဖို့ ကြိုးစားနေပေမယ့် မအောင်မြင်သေးဘဲ ကစားသမားဘက်က တပတ်လုပ်ခ ပေါင် (၅) သိန်း ဝန်းကျင် အထိ တောင်းဆိုနေတာကြောင့် လီဗာပူး တာဝန်ရှိသူတွေဘက်က စဥ်းစားသုံးသပ်နေဆဲလည်းဖြစ်ပါတယ်။