လီဗာပူး ဂန္တဝင် ကစားသမားဟောင်းကြီး ကာရေဂါက သူ့အနေနဲ့ မန်စီးတီးရဲ့ အဓိက ကွင်းလယ်ကစားသမား ဒီဘရိုင်းကို လီဗာပူးအတွက် ခေါ်ယူပေးချင်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ် ကစားသမားတယောက်ကို ခေါ်ယူခွင့်ရရင် ဘယ်သူ့ကိုခေါ်ချင်လဲဆိုတဲ့ မေးခွန်းအတွက် ကာရေဂါတယောက် အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီဘရိုင်းဟာ မန်စီးတီးရဲ့ အမြင့်ပျံခရီးလမ်းမှာ အဓိက,ကစားသမားတယောက်အဖြစ် အသုံးတော်ခံနေပြီး ဂွါဒီယိုလာအတွက်လည်း မရှိမဖြစ် ကစားသမားတယောက်ပါ။
ပြီးခဲ့တဲ့ အပတ်မှာလည်း ဒီဘရိုင်းက ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု အကြိမ် (၈၀) ပြည့်မြောက်ခဲ့ပြီး ဒေးဗစ်ဘက်ခမ်းရဲ့ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုအရေအတွက်နဲ့ တူညီခဲ့ပါတယ်။
ဒီလိုမျိုး ဒီဘရိုင်းနဲ့ပတ်သက်လို့လည်း ကာရေဂါက “တယောက်ကို ခေါ်ယူခွင့်ရမယ်ဆိုရင်တော့ ဒါက ဒီဘရိုင်းပဲဖြစ်ပါလိမ့်မယ်။ ကျနော့်စိတ်ထင် သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက်ပါ။ နောက်ပိုင်း နှစ်နှစ်၊ သုံးနှစ်အတွင်းမှာလည်း သူက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတယောက်ဖြစ်လာခဲ့ပါပြီ”
“လူတွေက လီဗာပူးကွင်းလယ်က ဖန်တီးနိုင်စွမ်း ပျောက်ရှနေတယ်လို့ ပြောကြပါတယ်။ ကျနော်ကတော့ လီဗာပူးအတွက် ဖန်တီးမှုတွေက မတူညီတဲ့ နေရာမျိုးစုံကနေ လာတယ်လို့ ထင်ပါတယ်။ အသင်းရဲ့ပုံစံကလည်း အဲ့ဒီအတိုင်း တည်ဆောက်ထားတာပဲလေ။ ကွင်းလယ်လူ သုံးယောက်မှာ ဘယ်သူပဲ တွဲကစားပါစေ၊ Full Back နှစ်ယောက်အတွက်၊ တိုက်စစ်သုံးယောက်အတွက် ကောင်းကောင်းအလုပ်လုပ်ပေးကြပါတယ်”
“ဒီဘရိုင်းကတော့ လုံးဝကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားပါ။ အာနိုးလ်နဲ့ သူအလုပ်ဖြစ်နိုင်မလား ကျနော် မသိပါဘူး။ ဒါပေမယ့် ဒီဘရိုင်းက ကျနော့်စိတ်ထဲကို အရင်ဆုံးရောက်လာတဲ့ ကစားသမားပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ဒီရာသီ လီဗာပူးအိမ်ကွင်းမှာ ရင်ဆိုင်တွေ့ခဲ့တုန်းကလည်း မန်စီးတီးအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။