အိုးထရက်ဖို့ဒ်မှာ သူ့အတွက် ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပါတယ်။

ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး ကိုဘီမိုင်နူးဟာ မနေ့ညက လီဗာပူးနဲ့ပွဲမှာ ဂိုးသွင်းအပြီး သူ့ရဲ့ အောင်ပွဲခံဟန်အတွက် ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အဆိုပါပွဲက အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တာပါ။



ယူနိုက်တက်တို့ ၂-၁ ဂိုးနဲ့ ဦးဆောင်စေနိုင်မယ့် သွင်းဂိုးကို မိုင်နူးက လှလှပပ ကန်သွင်းပေးနိုင်ခဲ့ပြီး ဒီသွင်းဂိုးအတွက် သူ့ရဲ့ အောင်ပွဲခံဟန်က အလွန်အကျူးဖြစ်သွားတယ်လို့ ယူဆနေပါတယ်။​ ဒါပေမယ့်လည်း ဒါက သူ့အတွက် အိုးထရက်ဖို့ဒ်မှာ ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်။


ပွဲအပြီးမှာ မိုင်နူးက “တကယ်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲ။ ကျွန်တော့်ရဲ့ အောင်ပွဲခံဟန်အတွက်တော့ တောင်းပန်ပါတယ်။ မယုံကြည်နိုင်စရာ ခံစားချက်ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ပထမဆုံးသော ပရော်ဖက်ရှင်နယ်သွင်းဂိုးဖြစ်ခဲ့တာပါ။ ဒီလိုပွဲမျိုးမှာ ဒီလိုမျိုး ဂိုးသွင်းနိုင်တာက အံ့အားသင့်စရာပါပဲ”​

“ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ သုံးမှတ်မရခဲ့တာကြောင့် ကျွန်တော်လည်း အရမ်းမပျော်နိုင်ပါဘူး။ ရလဒ်အတွက် စိတ်ပျက်မိပါတယ်။ ဒါအရိုးသားဆုံးပြောတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒုတိယပိုင်းမှာ ပုံစံကောင်းပြနိုင်ခဲ့တယ်လေ။ ကျွန်တော်တို့ ချေပဂိုးရခဲ့ပြီး အသင်းဖော်တွေကလည်း တကယ်ကို ကြိုးစားခဲ့ကြပါတယ်”

“ဒါပေမယ့် အမှားသေးသေးလေးတွေက အဆုံးသတ်မှာ ကြီးမားတဲ့ အမှားအယွင်းတစ်ခုဖြစ်သွားပါတယ်။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရနိုင်ခြေရှိခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။​ မိုင်နူးဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် နယူးပို့တ်ကောင်တီ၊ ဝုလ်ဗ်တို့နဲ့ပွဲတွေမှာ ဂိုးသွင်းယူပေးထားနိုင်ပြီး အခု လီဗာပူးနဲ့ပွဲမှာ ထပ်မံ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

Share

Loading Next Article...
က္က