မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဥ်မှာ အမှားအယွင်း ကျူးလွန်ခဲ့တဲ့ အရံဂိုးသမား စတပ်ဖ်ဖင်ကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး အနာဂတ်အတွက် သင်ယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်း (၁၆) မိနစ်မှာ စတပ်ဖ်ဖင်က မလိုအပ်ဘဲ ဘောလုံးကို ကိုင်ထားခဲ့ပြီး မာနေးက ဝင်ရောက်ဖျက်ထုတ်ရာမှာ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။
လီဗာပူးကလည်း ဒီပွဲမှာ မန်စီးတီးကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဂိုးသမားရဲ့ အမှားနဲ့ပတ်သက်လို့ ဂွါဒီယိုလာက “ဒါက မတော်တဆဖြစ်ရပ်ပါ။ စတပ်ဖ်ဖင်က ကစားကွက်ပြန်စဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဒီလိုမျိုးလုပ်နိုင်တဲ့ အရည်အချင်းလည်း သူ့ဆီမှာရှိပါတယ်။ သူ အနာဂတ်အတွက် သင်ယူသွားနိုင်မှာပါ။ ဘောလုံးပွဲမှာတော့ ဒါမျိုးကဖြစ်နေကျပါ”
“ဒါက မတော်တဆဖြစ်ရပ်တခုပါပဲ။ ကျနော် အသင်းလိုက်တော့ စကားပြောပြီးပါပြီ။ ဂိုးသမားနဲ့တော့ သီးသန့်မပြောဖြစ်သေးပါဘူး။ ဒါပေမယ့် သူက သန်မာတဲ့ ကစားသမားတယောက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ စတပ်ဖ်ဖင်တယောက် ဒီလိုအမှားမျိုးကျူးလွန်တာ အခုမှ ပထမဆုံး မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း စတပ်ဖ်ဖင်က အမှားကျူးလွန်ခဲ့ပါသေးတယ်။ အဓိက ဂိုးသမား အီဒါဆန်ဟာ ပြီးခဲ့တဲ့အပတ် လီဗာပူးနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း စတပ်ဖ်ဖင် အလားတူ သည်းထိတ်ရင်ဖို ပုံစံမျိုး လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဂိုးမပေးခဲ့ရဘဲ စတပ်ဖ်ဖင်ကတော့ ကံဆိုးပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။