မနေ့ညက ကစားခဲ့တဲ့ ဆဲလ်ဘာ့ဂ်နဲ့ လီဗာပူးတို့ရဲ့ ခြေစမ်းပွဲမှာ ဆဲလ်ဘာ့ဂ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို လူငယ်ကြယ်ပွင့် ဆက်စ်ကိုက သွင်းယူပေးခဲ့ပါတယ်။ ဆက်စ်ကိုဟာ ဒီပွဲမတိုင်ခင်တည်းက မီဒီယာစာမျက်နှာတွေထက်မှာ ရေပန်းစားနေပြီး ယူနိုက်တက်ကလည်း အသက် (၁၉) နှစ်အရွယ် ဒီကစားသမားလေးကို စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။
ဆဲလ်ဘာ့ဂ်ကတော့ ယူနိုက်တက်က စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းအောက်မှာ “သန်း (၃၀၀) + ဘရူနိုကို လိုချင်တယ်” ဆိုပြီး ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေးသတ်မှတ် နောက်ပြောင်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့ညက လီဗာပူးကို ဆက်စ်ကိုက ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ဒီကစားသမားလေးရဲ့ ပြောင်းရွှေ့ကြေးက အဆမတန် မြင့်တက်သွားကြောင်း ဆဲလ်ဘာ့ဂ်က ထပ်မံနောက်ပြောင်ခဲ့ပါတယ်။
ဆဲလ်ဘာ့ဂ်က “နောက်ဆုံးသတ်မှတ်ထားတဲ့စျေးပါ။ ငါတို့ ဆက်စ်ကိုအတွက် (၁) ဘီလီယံအပြင် ဘရူနိုဖာနန်ဒက်စ်ရော၊ ဖရက်ဒ်ကိုရော လိုချင်တယ်” လို့ တွစ်တာပေါ်မှာ ထပ်မံနောက်ပြောင်ခဲ့ပြန်ပါတယ်။ လက်ရှိ မန်စီးတီးတိုက်စစ်မှူးသစ် ဟာလန်းထက်တောင် ပိုကောင်းတယ်လို့ သတ်မှတ်ခံထားရတဲ့ ဆက်စ်ကိုအတွက် ဆဲလ်ဘာ့ဂ်တကယ်တမ်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက ပေါင် (၅၅) သန်းပါ။
ဒါပေမယ့် လက်ရှိနွေရာသီမှာ ဒီပြောင်းရွှေ့ကြေးပမာဏကို ပေးချေလိုတဲ့ အသင်းမရှိရင်လည်း ဆဲလ်ဘာ့ဂ်အတွက် ပြဿနာမရှိဘဲ ဆက်စ်ကို,ကို အသင်းမှာ နောက်တရာသီ ဆက်လက်ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေပါတယ်။ ဆဲလ်ဘာ့ဂ်ဟာ ဟာလန်းကို စင်တင်ပေးခဲ့တဲ့အသင်းတသင်းဖြစ်ပြီး အခုတခါမှာလည်း ဆက်စ်ကိုလို နောက်ထပ် ဥရောပကြယ်ပွင့်တယောက်ကို စင်တင်ပေးနေပြီလို့ဆိုရတော့မှာပါ။