ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီက ဒီကနေ့ညမှာ လီဗာပူးကို အနိုင်ရရှိဖို့အတွက် ပြီးပြည့်စုံတဲ့ပွဲတပွဲကို ကစားနိုင်ဖို့ လိုအပ်ကြောင်း အသင်းသားတွေကို တွန်းအားပေးလိုက်ပါတယ်။ ဒါ့အပြင် ဒီညမှာသာ လီဗာပူးကို ချန်ပီယံလိဂ်ကနေ ထွက်ခွာစေခဲ့ရင် ဗီလာရီးရဲလ်က ဒီရာသီမှာ လီဗာပူးကို နှစ်ဂိုးနဲ့အထက် အနိုင်ယူနိုင်တဲ့ ပထမဆုံး အသင်းဖြစ်လာမှာပါ။
လီဗာပူးဟာ ဒီရာသီမှာ ပွဲပေါင်း (၅၆) ပွဲ ကစားပေးထားပြီး (၃) ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် အဲ့ဒီပွဲတွေမှာလည်း (၂) ဂိုးထက် ပိုပြီး ဂိုးပြတ်ရှုံးတာမျိုး မရှိခဲ့ပါဘူး။ လီဗာပူးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အိမ်ကွင်း အန်ဖီးလ်မှာ ကစားခဲ့တုန်းက ဗီလာရီးရဲလ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အခု ဒီကနေ့ည ဗီလာရီးရဲလ်ကွင်းမှာ ဒုတိယအကျော့အဖြစ် ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပြီး အများစုကတော့ လီဗာပူးက ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နေပြီလို့ လက်ခံထားကြပါတယ်။ ဒါပေမယ့် ဗီလာရီးရဲလ်ဘက်ကတော့ လီဗာပူးကို လွယ်လွယ်နဲ့လက်လျှော့မှာ မဟုတ်ကြောင်း ကြုံးဝါးထားပါတယ်။
အခုတခါမှာလည်း ဗီလာရီးရဲလ် နည်းပြ အူနိုင်းအမ်မရီက လီဗာပူးကို အနိုင်ယူဖို့အတွက် ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာကို ဖွင့်ဟလာခဲ့ပါတယ်။ အူနိုင်းအမ်မရီက “အချက်အလက်တွေအရ ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ဒီအကြောင်းတွေကို မပြောချင်တော့ပါဘူး”
“ပထမအကျော့ကရလဒ်ကို အလှည့်အပြောင်းလုပ်ဖို့က ဘယ်လောက်ခက်ခဲလဲဆိုတာ အချက်အလက်တွေက သက်သေပြနေပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ လုပ်စရာရှိတာလုပ်ပြီး လုပ်ပြသွားနိုင်မလား ကြည့်တာပေါ့။ ပြီးပြည့်စုံတဲ့ပွဲတပွဲကို ကစားပြရမှာပါ။ တခုခုလုပ်ပြဖို့အတွက် နီးစပ်တဲ့အရာတခုကို သေချာပေါက် ကြိုးစားရမှာဖြစ်ပြီး ဒါကိုလည်းဘယ်သူမှမလုပ်ပြနိုင်သေးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။