ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယိုက ရာသီကုန်မှာ လီဗာပူးကို ပရီးမီးယားလိဂ်ဖလား မရစေလိုကြောင်း ပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ခရီးဆက်နေတဲ့ အသင်းတစ်သင်းပါ။
မန်စီးတီး၊ အာဆင်နယ်တို့နဲ့အပြိုင် ပရီးမီးယားလိဂ်ဖလားကို တစ်ကျော့ပြန် ပြန်လည်ဆွတ်ခူးဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အန်တိုနီယိုကတော့ လီဗာပူးပရိသတ်တွေကြောင့် အခုလိုမျိုးပဲ ဖွင့်ဟလာခဲ့တာပါ။
အန်တိုနီယိုဟာ ဒီရာသီအစောပိုင်းမှာ သူ့အသင်းအနေနဲ့ ရာသီကုန်မှာ လီဗာပူးရဲ့အထက်မှာ ရပ်တည်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်လည်း လီဗာပူးပရိသတ်တွေက အခုချိန်အထိ အန်တိုနီယိုကို ဆိုရှယ်မီဒီယာမှာ ပြဿနာရှာနေခဲ့ပြီး အန်တိုနီယိုကလည်း အခုလိုမျိုး ဖွင့်ဟလာခဲ့တာပါ။
အန်တိုနီယိုက “ကျွန်တော် လီဗာပူးကို ပရီးမီးယားလိဂ်ဖလား မရစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လီဗာပူးပရိသတ်တွေက အခုချိန်အထိ ကျွန်တော့် မက်ဆေ့ချ်ဘောက်ထဲမှာ ရှိနေတုန်းပါ။ ကျွန်တော် ဒါကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပြောတာပါ။ သူတို့ကို ပရီးမီးယားလိဂ် ချန်ပီယံမဖြစ်စေချင်ပါဘူး။ ကျွန်တော့်အတွက် အာဆင်နယ်ဖြစ်ဖြစ်၊ မန်စီးတီးဖြစ်ဖြစ် ရရင် အဆင်ပြေပါတယ်”
“ကျွန်တော် ပြောနိုင်တာ ဒါအကုန်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ အန်တိုနီယိုရဲ့ ပြောစကားအရတော့ လီဗာပူးပရိသတ်တွေဟာ အန်တိုနီရဲ့ ရာသီအစောပိုင်းက ပြောစကားကို အခုချိန်အထိ အခဲမကျေဖြစ်နေပုံရပြီး အန်တိုနီယိုကို ဆိုရှယ်မီဒီယာမှာ တောက်လျှောက် နှောင့်ယှက်နေပုံလည်း ရပါတယ်။