အာဆင်နယ်ရဲ့ All or Nothing မှတ်တမ်းရုပ်ရှင်ထဲမှာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာအဖြစ်ရော၊ ရယ်စရာအဖြစ်နဲ့ရော ခံစားနိုင်တဲ့ အကြောင်းအရာအချို့ပါဝင်ပါတယ်။ အဲ့ဒါကတော့ ပြီးခဲ့တဲ့ရာသီ လီဗာပူးအိမ်ကွင်း အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲမတိုင်ခင် အာတီတာရဲ့ လေ့ကျင့်ပုံနည်းစနစ်ပဲဖြစ်ပါတယ်။
လီဗာပူးရဲ့အိမ်ကွင်း အန်ဖီးလ်ဆိုတာက ပြိုင်ဘက်တိုင်းအတွက် သားရဲတွင်းဖြစ်ပြီး ပရိသတ်တွေရဲ့ အံ့မခန်း အားပေးမှုကြောင့် လီဗာပူးက အိမ်ကွင်းမှာဆို အမြဲတမ်း တပန်းသာလေ့ရှိပါတယ်။ အဲ့ဒါကြောင့်လည်း အာတီတာက လီဗာပူးနဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဥ်မှာ ဆောင်းဘောက်တွေနဲ့ လီဗာပူးရဲ့ အမှတ်သညာ You’ll Never Walk Alone သီချင်းကို ဖွင့်လှစ်ကာ လေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။
တကယ်တမ်းပွဲကစားချိန်မှာလည်း အာဆင်နယ်က လီဗာပူးကို အဝေးကွင်းမှာ ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ပြီး မထင်မှတ်ထားတဲ့ဖြစ်ရပ်တခုက ပွဲကို အလှည့်အပြောင်းဖြစ်သွားစေခဲ့ပါတယ်။ မာနေးနဲ့ တိုမီယာဆု ခေါင်းခုန်တိုက်ချိန်မှာ မာနေးက တိုမီယာဆုကို တံတောင်နဲ့တွတ်မိခဲ့ပြီး ဒီဖြစ်ရပ်ကိုအကြောင်းပြုကာ အာတီတာနဲ့ ကလော့ပ်တို့နှစ်ယောက်အကြား အကြီးအကျယ် ပြဿနာတက်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ အာတီတာရဲ့ပွဲကြိုအပြင်အဆင် အားလုံး ပျက်စီးသွားပုံရပြီး လီဗာပူးက အာဆင်နယ်ကို လေးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ရဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားထဲမှာလည်း အာတီတာက “ကျနော့်အတွက် အရူးသွပ်ဆုံးစိတ်ကူးတွေထဲက တခုဖြစ်နိုင်ပါတယ်။ ဒီနေ့ ကစားသမားတွေကို လီဗာပူးရဲ့ You’ll Never Walk Alone သီချင်းနဲ့ လေ့ကျင့်ခန်းဆင်းခိုင်းမှာပါ” လို့ ပြောကြားနေခဲ့ပါတယ်။
အာတီတာဟာ စပိန်နိုင်ငံက စက်ဘီးသမားတယောက်ရဲ့ ဥပမာနဲ့လည်း နှိုင်းယှဥ်ပြီး ပြောကြားခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝတုန်းက လီဗာပူးအိမ်ကွင်းမှာ ကစားခဲ့ရတဲ့ခံစားချက်ဟာ ဘာနဲ့မှမတူဘဲ ကွဲပြားခြားနားတဲ့အကြောင်းကိုလည်း ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။