ကာရေဂါတစ်ယောက် တွစ်တာမှာ ပတ်ရမ်းနေရတဲ့ပုံပါပဲ။

လီဗာပူးဂန္တဝင်ကစားသမားဟောင်းကြီး ကာရေဂါဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့ အစောပိုင်းမှာ ဆော်ဒီလိဂ်က ဥရောပရဲ့ နာမည်ကြီးကစားသမားတွေကို ခေါ်ယူတာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဆော်ဒီအနေနဲ့ ဘောလုံးကို အသုံးချပြီး ငွေကြေးခဝါချမှုတွေ ပြုလုပ်နေတယ်လို့လည်း စွပ်စွဲခဲ့ပါသေးတယ်။



ကာရေဂါဟာ မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကိုလည်း ဆော်ဒီလိဂ်ထံ မပြောင်းရွှေ့ဖို့ တားမြစ်ခဲ့ဖူးပါတယ်။ ဒီလိုမျိုး လုပ်ရပ်တွေကြောင့် ဖာဒီနန်က ကာရေဂါကို ဝေဖန်ခဲ့ပြီး ဂျရတ်က ဆော်ဒီကို နည်းပြအဖြစ် သွားရောက်ချိန်မှာ အသံမထွက်ခဲ့တဲ့ ကာရေဂါကို ဗီဒီယိုရုပ်သံနဲ့တကွ ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။


ကာရေဂါက ရှေ့မှာ ဒီလိုမျိုး ဆော်ဒီလိဂ်ကို ဝေဖန်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လီဗာပူး ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့ကပါ ဆော်ဒီမြေကို ပြောင်းရွှေ့ဖို့ နီးစပ်လာခဲ့ပါတယ်။ ဒီလိုမျိုး အနေအထားမှာ ကာရေဂါက တစ်ခွန်းမှဝင်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာကြောင့် ပရိသတ်တွေကလည်း သူ့ကို အဆင့်အတန်းမြင့်မားချင်ယောင်ဆောင်နေတဲ့ အရေခြုံတစ်ယောက်အဖြစ် လှောင်ပြောင်နေကြပါတယ်။

အဲ့ဒါကြောင့်လည်း ကာရေဂါက “အရေခြုံဆိုတာဘာလဲဗျ။ ဆော်ဒီကို ပိုက်ဆံရှာဖို့အတွက် သွားတဲ့ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ကျွန်တော် မဝေဖန်ဖူးပါဘူး။ ကျွန်တော် ပြောခဲ့တာက ဆော်ဒီတွေက ဘောလုံးလောကကို လွှမ်းမိုးဖို့ ကြိုးစားနေပြီး သူတို့ရဲ့ ငွေကြေးတွေကို ဘယ်သူမှ မငြင်းဆန်နိုင်ဘူးဆိုတာပါပဲ။ ဒါပေမယ့် ကစားသမားတစ်ယောက်က အကောင်းဆုံးအချိန်မှာ ချန်ပီယံလိဂ်၊ ဥရောပပြိုင်ပွဲတွေကို လွဲချော်နေတာက ကျွန်တော့်အတွက် ပြဿနာရှိပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ကာရေဂါဟာ သူ့အပေါ် ဝေဖန်လှောင်ပြောင်နေတဲ့ ပရိသတ်တွေကို တွစ်တာပေါ်မှာ ဆက်တိုက် တုံ့ပြန်နေခဲ့ပြီး “အချို့ ကစားသမားတွေက ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူး၊ အေစီမီလန်၊ ယူနိုက်တက်တို့အတွက် ကစားဖို့ထက် ဆော်ဒီလိဂ်မှာ ကစားဖို့ကို အိပ်မက်မက်ခဲ့ကြတာပါ” လို့လည်း အရွဲ့တိုက် ရေးသား တုံ့ပြန်ခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က