ဘောလုံးပွဲတွေ ရပ်နားထားရချိန်မှာတော့ နာမည်ကျော်ကစားသမားတွေက ပရိသတ်တွေကို သူတို့ရဲ့ စိတ်ကြိုက်အသင်းတွေ ဖွဲ့စည်းပြခဲ့ပြီး ဒီလှုပ်ရှားမှုတွေမှာ ပရိသတ်တွေကိုယ်တိုင်လည်း ပါဝင်ရွေးချယ်နေကြတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနောက်ခံလူဗန်ဒိုက်ဟာ သူ့ရဲ့ပရီးမီးယားလိဂ်စိတ်ကြိုက်အသင်းတစ်သင်းကို ရွေးချယ်ဖွဲ့စည်းခဲ့ရာမှာတော့ လီဗာပူးလ်ကစားသမားတစ်ဦးမှ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။ ကစားသမားငါးဦးတည်းသာ ပါဝင်တဲ့အသင်းတစ်သင်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး မန်စီးတီးကစားသမား ၃ဦးအထိ ပါဝင်ခဲ့တယ်လို့ Give Me Sport က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်နဲ့ စပါးအသင်းက ကစားသမားတစ်ဦးစီလည်း ပါဝင်ခဲ့တာကြောင့် ဗန်ဒိုက်ရဲ့အသင်းမှာ ယူနိုက်တက်၊ ချယ်လ်ဆီးတို့လို ထိပ်သီးအသင်းက ကစားသမားတွေလည်း မပါဝင်ခဲ့တာတွေ့ရပါတယ်။ ဗန်ဒိုက်က အဆိုပါကစားသမားတွေကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကိုလည်း ရှင်းပြခဲ့ပါတယ်။
ဂိုးသမားအဖြစ် မန်စီးတီးဂိုးသမားအီဒါဆန်ကိုရွေးချယ်ခဲ့ရာမှာ "သူက ထူးချွန်တဲ့ဂိုးသမားတစ်ဦးပါ၊ ဒီရာသီမှာ ကျွန်တော်တို့မြင်တွေ့နေကျပုံစံထက် ဂိုးသမားတွေပိုပြီးတော့ ကောင်းမွန်လာတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် အီဒါဆန်က အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်၊ အယ်လစ်ဆန်ကတော့ နံပါတ်တစ်နေရာမှာ ရှိနေဆဲလို့ မြင်မိပါတယ်" လို့ ဗန်ဒိုက်က ဆိုခဲ့ပါတယ်။
ခံစစ်ပိုင်းမှာတော့ မန်စီးတီးနောက်ခံလူလာပေါ့တ်ကို ဗန်ဒိုက်က ရွေးချယ်ထားပြီး အရမ်းကောင်းမွန်တဲ့ ခံစစ်ကစားသမားတစ်ဦးဖြစ်တာကြောင့် သူရွေးချယ်ခဲ့တာလို့ ဗန်ဒိုက်က ပြောခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာတော့ ကီဗင်ဒီဘရိုင်းကို ရွေးချယ်ခဲ့ပြီး "သူ့အကြောင်းတော့ အများကြီးပြောစရာမလိုပါဘူး၊ မတူကွဲပြားတဲ့ပုံစံတွေကို သူ လုပ်ပြနေခဲ့ပြီး တကယ်ကိုကောင်းမွန်တဲ့ကစားသမားဖြစ်ပါတယ်" လို့ ဗန်ဒိုက်က ရှင်းပြခဲ့ပါတယ်။
တိုက်စစ်ပိုင်းမှာတော့ စပါးတိုက်စစ်မှူးဆွန်ဟောင်မင်နဲ့ အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်တို့ကို ဗန်ဒိုက်က ရွေးချယ်ခဲ့ပါတယ်။ ဘောလုံးပွဲတွေ ရပ်နားထားရချိန်မှာတော့ နာမည်ကျော်ကစားသမားတွေက ပရိသတ်တွေကို သူတို့ရဲ့ စိတ်ကြိုက်အသင်းတွေ ဖွဲ့စည်းပြခဲ့ပြီး ဒီလှုပ်ရှားမှုတွေမှာ ပရိသတ်တွေကိုယ်တိုင်လည်း ပါဝင်ရွေးချယ်နေကြတာဖြစ်ပါတယ်။