မန်စီးတီးကတော့ အိမ်ကွင်းမှာ ဝုလ်ဗာဟမ်တန်အသင်းကို ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် မန်စီးတီးဟာ ဦးဆောင်သူ လီဗာပူးလ်နဲ့ ၈ မှတ်အထိ ကွာဟနေခဲ့ပြီလည်း ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးလ်အသင်း အမှတ်လျော့ဖို့ မျှော်လင့်နေတယ်လို့ ကွင်းလယ်လူဂန်ဒိုဂန်က ပြောဆိုသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ဝုလ်ဗာဟမ်တန်အသင်းကို ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် မန်စီးတီးဟာ ဦးဆောင်သူ လီဗာပူးလ်နဲ့ ၈ မှတ်အထိ ကွာဟနေခဲ့ပြီလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်ရဲ့ ဦးဆောင်နေမှုကို ဂွာဒီယိုလာရဲ့အသင်းက ကျော်ဖြတ်နိုင်ခဲ့ပြီး အမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ ပွဲစဉ်အချို့ကို ခြေချော်ခဲ့ပြီး ရမှတ်တွေလျော့နည်းခဲ့ကာ ရာသီအကုန်မှာ တစ်မှတ်အကွာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာလည်း ဂန်ဒိုဂန်က အဆိုပါအတိုင်း ဖြစ်လာဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
"မနှစ်ကအခြေအနေနဲ့ တူညီမှုကို ကျွန်တော်တို့ ကြုံကြိုက်နေရပါတယ်၊ လက်ရှိမှာ ရာသီအစောပိုင်းပဲ ရှိနေသေးပြီး ရမှတ်တွေအများကြီးအတွက် ကျွန်တော်တို့ ကစားရဦးမှာပါ၊ ဒါပေမယ့် ပရီးမီးယားလိဂ်ဖလားအကြောင်း ကျွန်တော်တို့ ပြောဆိုချင်ရင်တော့ လီဗာပူးလ်တို့ ရမှတ်လျော့ဖို့ မျှော်လင့်နေရမှာပါ" လို့ ဂန်ဒိုဂန်က ပြောဆိုခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်ကတော့ ဒီရာသီမှာ ၈ ပွဲဆက်တိုက်နိုင်ပွဲရရှိထားပြီး နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီးနဲ့ပွဲမှာလည်း ရှက်ဖီးဂိုးသမားဟန်ဒါဆန်ရဲ့ အမှားကတဆင့် အနိုင်ဂိုးရရှိခဲ့သလို လက်စတာနဲ့ပွဲမှာလည်း ဂျိမ်းစ်မီလ်နာရဲ့ နောက်ကျပင်နယ်တီသွင်းဂိုးနဲ့ နိုင်ပွဲတွေရယူနိုင်ခဲ့ပါတယ်။ ဂန်ဒိုဂန်က သူတို့အသင်းအနေနဲ့လည်း ရမှတ်တွေမလျော့ပါးအောင် ကစားဖို့လိုအပ်တယ်လို့ ဆိုခဲ့ပါသေးတယ်။
"သူတို့ရဲ့ ပွဲတွေကို စောင့်ကြည့်ရမယ်ဆိုတဲ့ အနေအထားက ကျွန်တော်တို့အတွက်တော့ အထောက်အကူမဖြစ်ပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင် တည်ငြိမ်မှုရှိဖို့ လိုအပ်သလို ဖြစ်နိုင်သမျှ ရမှတ်တွေမဆုံးရှုံးရအောင်လည်း ကြိုးစားသွားရမှာပါ၊ ရာသီအစမှာ ကျွန်တော်တို့ အမှတ်တွေဆုံးရှုံးခဲ့ရပါတယ်၊ ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ကွာဟချက်ကြီးမားလာမှာပါ၊ ဒါကြောင့် ကျွန်တော်တို့ နိုင်ပွဲရဖို့ အစွမ်းကုန်အားထုတ်ရပါလိမ့်မယ်" လို့ ဂန်ဒိုဂန်က ပြောဆိုသွားခဲ့ပါတယ်။