လီဗာပူးနည်းပြ အာနေးဆလော့က လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူဖို့အတွက် အထူးကြိုးစားနေကြောင်း၊ လီဗာပူးနဲ့ ကိုက်ညီမယ့် ကစားသမားကောင်းကို ရှာဖွေရတာ ခက်ခဲကြောင်း ပြောကြားလာပါတယ်။
ဆလော့ဟာ လက်ရှိနွေရာသီမှ ကလော့ပ်ရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ နွေရာသီ ခြေစမ်းပွဲတွေမှာတော့ လီဗာပူးက (၃) ပွဲကစား၊ (၃) ပွဲနိုင်ထားပြီး ဒီအထဲမှာ ယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေလည်း ပါဝင်ခဲ့ပါတယ်။
ဒီလိုမျိုး ရလဒ်ပိုင်းအရ အားရစရာကောင်းနေသည့်တိုင် လီဗာပူးပရိသတ်တွေကတော့ အသင်းရဲ့ အပြောင်းအရွှေ့ကို စိတ်ပျက်နေပါတယ်။ လီဗာပူးဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် မခေါ်ရသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် အခုချိန်အထိ ရပ်တည်နေတာပါ။
ဒါပေမယ့် ဆလော့ကတော့ “ခင်ဗျားတို့က ကစားသမားသစ်တွေ အများကြီးခေါ်ဖို့ကို အာရုံစိုက်နေတာ သိပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ခြေစမ်းပွဲတွေမှာ အသင်းဘယ်လိုကစားလဲ၊ ဘယ်နေရာတွေ တိုးတက်ဖို့ လိုအပ်လဲဆိုတာကိုပဲ အာရုံစိုက်ထားပါတယ်။ ကစားသမားသစ်ခေါ်ဖို့အတွက် ကျနော်တို့ရဲ့ စံနှုန်းသတ်မှတ်မှုက မြင့်မားပါတယ်”
“ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ကစားသမားကောင်းတွေရှိနေလို့ပါ။ ဒါပေမယ့် ကစားသမားသစ်ကိစ္စအတွက် အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်နဲ့ တော်တော်လေး ကြိုးစားနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။