အာနိုးလ်ကတော့ လီဗာပူးပြီးရင် ဘာစီလိုနာကို သဘောအကျဆုံးဖြစ်နေတာပါ။

လီဗာပူးရဲ့ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုးလ်က လီဗာပူးပြီးရင် သူ့အတွက် အနှစ်သက်ဆုံးအသင်းက စပိန်လာလီဂါကလပ် ဘာစီလိုနာဖြစ်တယ်လို့ သီးသန့်အင်တာဗျူးအစီအစဥ်မှာ ပြောကြားလာပါတယ်။ အာနိုးလ်ဟာ ဘဝတလျှောက်လုံး လီဗာပူးပရိသတ်အဖြစ် ကြီးပြင်းလာခဲ့သူပါ။



ဒီကစားသမားဟာ လီဗာပူးအကယ်ဒမီကနေ လက်ရှိနည်းပြ ယာဂင်ကလော့ပ်ရဲ့ အရောင်တင်ပေးမှုနဲ့ လီဗာပူးအသင်းကြီးကို ရောက်ရှိခဲ့ပါတယ်။ အာနိုးလ်အနေနဲ့ လီဗာပူးအသင်းကြီးအတွက် ပထမဆုံးပွဲဦးထွက်ကို (၂၀၁၇) မှာ စတင်ခဲ့ပါတယ်။

အဲ့ဒီနောက် အချိန်တိုအတွင်းမှာပဲ အဆိုပါ အင်္ဂလန်လူမျိုး ကစားသမားက ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေထဲက တယောက်အဖြစ် သတ်မှတ်ခံလာရပါတယ်။ British GQ အတွက် တွေ့ဆုံမေးမြန်းခန်းမှာတော့ လီဗာပူးပြီးရင် အကြိုက်ဆုံးအသင်းနဲ့ ပတ်သက်လို့ အာနိုးလ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

အာနိုးလ်က “နောက်ထပ် ကျနော့်အတွက် အကြိုက်နှစ်သက်ဆုံး အသင်းဆိုရင် ဘာစီလိုနာလို့ပဲ ကျနော်ပြောနိုင်ပါတယ်။ သူတို့မှာ လီဗာပူးနဲ့တူညီတဲ့တန်ဖိုး၊ ယုံကြည်ချက်တွေရှိနေတယ်လို့ ကျနော်တို့ ခံစားရပါတယ်။ နောက်ပြီး သူတို့က အကယ်ဒမီက ကစားသမားတွေကို လက်တွဲခေါ်ရတာ သဘောကျပါတယ်”

“ကျနော်ဆိုရင် မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ အွန်နရီနဲ့ အီတူးတို့ ပါဝင်တဲ့ တကယ့်စပါယ်ရှယ် ဘာစီလိုနာကိုကြည့်ရင်း ကြီးပြင်းလာခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ (၂၀၁၉) ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ လီဗာပူးတို့ ဘာစီလိုနာကို လေးဂိုးပြတ် အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့တဲ့ပွဲတုန်းက အာနိုးလ်ဝင်ကစားခဲ့ပါတယ်။

အဲ့ဒီပွဲမှာ အော်ရီဂီရဲ့ အမှတ်မထင်သွင်းဂိုးအတွက် အာနိုးလ်က ထောင့်ကန်ဘောကို အလစ်ငိုက်ကန်ပေးခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ လီဗာပူးတို့ ချန်ပီယံလိဂ်ဖလားရခဲ့ပြီး အာနိုးလ်အတွက်လည်း လီဗာပူး ကစားသမားဘဝ ပထမဆုံး အဓိကဆုဖလားအောင်မြင်မှုကို ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က