ယူနိုက်တက်တို့ ချဲလ်ဆီးကိုလည်း ဂိုးပြတ်ရှုံးဦးမယ်လို့ အီယန်ရိုက်က ခန့်မှန်းခဲ့တာပါ။

အာဆင်နယ် ဂန္တဝင်ကစားသမားကြီး အီယန်ရိုက်က ဒီညမှာ ကစားမယ့် ချဲလ်ဆီးနဲ့ ယူနိုက်တက်ပွဲမှာ ယူနိုက်တက်တို့ ဂိုးပြတ်ရှုံးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲကိုတော့ ချဲလ်ဆီး အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားသွားမှာပါ။



ဒီပွဲအတွက် ကာရစ်က ဗီလာရီးရဲယ်နဲ့ပွဲကလိုပဲ အနိုင်ရဖို့ ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်မယ်လို့ ဆိုထားပေမယ့် အီယန်ရိုက်ကတော့ မန်စီးတီး၊ လီဗာပူးတို့နဲ့ ကစားထားတဲ့ ယူနိုက်တက်ရဲ့ ခြေစွမ်းကို ဒီပွဲမှာ ပြန်မြင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ လက်ရှိဘောလုံးရာသီမှာ လီဗာပူးကို အိမ်ကွင်းမှာ (၅) ဂိုးပြတ်၊ မန်စီးတီးကိုလည်း အိမ်ကွင်းမှာ (၂) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။

အဲ့ဒီပွဲတွေမှာ ယူနိုက်တက်ရဲ့ ခြေစွမ်းက ပြိုင်ဘက်အသင်းတွေကို ဘယ်လိုမှမယှဥ်နိုင်ခဲ့ဘဲ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက်လည်း အီယန်ရိုက်က အခုလိုပဲ ပြောကြားလာပါတယ်။ အီယန်ရိုက်က “ယူနိုက်တက်မှာ ဆိုးလ်ရှားကလွဲလို့ အရင် နည်းပြအဖွဲ့တွေနဲ့ပဲ စိတ်အားထက်သန်မှုအပြည့်နဲ့ ရင်ဆိုင်လာမှာပါ။ ဘာလို့လဲဆိုတော့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်နေလို့ပါပဲ”

“ဒါပေမယ့် ကျနော်တို့က ချဲလ်ဆီးနဲ့ သောမတ်စ်တူချယ်လ်တို့ကိုလည်း စဥ်းစားရဦးမှာပါ။ သူတို့က အညှာအတာကင်းမဲ့ပြီး ဘာမှမပြောင်းလဲပါဘူး။ အခု ဒီပွဲမှာလည်း ရီစီဂျိမ်းစ်နဲ့အတူ သူတို့ဘာလုပ်ဦးမလဲ စောင့်ကြည့်ရမှာပါ။ ချဲလ်ဆီးအတွက် ကံမကောင်းတာက ကန်တေ ကြံ့ခိုင်မှုမပြည့်တာပါ”

“တဖက်မှာ သူတို့ရဲ့စနစ်အရ အသင်းလိုက်စုဖွဲ့ပုံသာ ကောင်းနေရင် ပုံမှန်ခြေစွမ်းပြကြမှာပါ။ ဒါက ယူနိုက်တက်ကို ဖျက်စီးပစ်လိုက်ဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ယူနိုက်တက်က ချဲလ်ဆီးကို ဒုက္ခပေးနိုင်ဖို့ ဘာလုပ်နိုင်မလဲဆိုတာကို ကျနော်တော့ မသိပါဘူး။ ဒါပေမယ့် ဒီပွဲမှာလည်း ယူနိုက်တက်တို့ နောက်ထပ် အကြီးအကျယ်ရှုံးဦးမယ်ဆိုတာတော့ ကျနော်ခံစားမိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။


ချဲလ်ဆီးဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်ထားတဲ့အသင်းဖြစ်ပြီး ဒီရာသီမှာ ပုံမှန်ခြေစွမ်းတွေပြသနေပေမယ့် ယူနိုက်တက်ကတော့ အပြောင်းအလဲတွေကြားမှာ ရုန်းကန်နေရတာကြောင့် အီယန်ရိုက်ပြောသလိုဖြစ်လာဦးမလား စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

က္က