ယမန်နေ့ညက အိုးထရက်ဖို့ဒ်မှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ပွဲစဉ်အပြီးမှာ လီဗာပူးနည်းပြယာဂင်ကလော့ပ်က ခံစစ်အသားပေးကစားခဲ့တဲ့ ယူနိုက်တက်ကစားဟန်ကို စောကတက်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက ကလော့ပ်ရဲ့ပြောဆိုမှုကို ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။
ပထမပိုင်းမှာ တန်ပြန်တိုက်စစ်ကနေ မားကပ်စ်ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးအသင်းက ယူနိုက်တက်ရဲ့ တိုက်စစ်စတင်ချိန်မှာ လင်ဒီလော့ဖ်က အိုရီဂီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ စောဒကတက်ခဲ့ပြီး ဂိုးကို ခွင့်မပြုဖို့ ကွင်းလယ်ဒိုင်ကို တောင်းဆိုခဲ့ပါတယ်။
လီဗာပူးအသင်းဟာ မန်ချက်စတာယူနိုက်တက်နောက်တန်းကို ကျော်ဖြတ်ဖို့ ပွဲစဉ်တလျှောက်လုံး ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီး ဒုတိယပိုင်းပြီးဆုံးဖို့ ၅ မိနစ်ခန့်အလိုမှာပဲ ယူနိုက်တက်နောက်ခံကစားသမား ရိုဟိုရဲ့ အမှားကနေ လူစားဝင်ကစားခဲ့တဲ့ လယ်လာနာက အနီးကပ်ပိတ်သွင်းယူပြီး အဖိုးတန် ချေပဂိုးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးနဲ့ တွေ့ဆုံတဲ့ပွဲစဉ်တိုင်းမှာ ခံစစ်ကစားဖို့သက်သက်ပဲ ပြင်ဆင်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဘတ်စ်ကားကွက်လို့ နာမည်ကျော်တဲ့ ခံစစ်ပိတ်ဆော့နည်းကို အိုးထရက်ဖို့ဒ်ဆီ ယူဆောင်လာခဲ့တဲ့ ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုက ကလော့ပ်ရဲ့ ပြောစကားကို အခုလိုပဲ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။
“ဘာလို့အဲဒီလို ပြောတာလဲဆိုတော့ သူ အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို တစ်ခါမှ အနိုင်မယူဖူးလို့ပါ”
“သူ ဟင်းလျာစာရင်းကို မကြိုက်ဘူး။ သူက အသားကြိုက်ပြီး ငါးပဲရတယ်။ အဲဒီတော့ သူ မပျော်မရွှင်ဖြစ်နေတာပါ”
“သူတို့တွေက ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရာမှာ ပိုပြီးတော့ တောင့်တင်းပါတယ်။ အဲဒါကြောင့် သူတို့တွေ အရွေ့အပြောင်းနဲ့ တန်ပြန်တိုက်စစ်တွေမှာ အခွင့်အရေးရခဲ့တာပါ”
“ဟုတ်တာပေါ့။ ယူနိုက်တက်က မတူညီတဲ့ပုံစံမျိုးနဲ့ ပွဲတွေကို ကစားခဲ့ရတဲ့အတွက် အခုအချိန်မှာ သူတို့မှာ အကန့်အသတ်ရှိနေပါတယ်”
“သူတို့တွေ နောက်တန်းကို ကျစ်လစ်အောင် ကြိုးစားခဲ့တယ်။ လီဗာပူးကို အရွေ့အပြောင်းလုပ်ဖို့အခွင့်အရေးမပေးဖို့ ကြိုးစားခဲ့တယ်။ သူတို့တွေ အမြဲတမ်းကျစ်လစ်သိပ်သည်းတဲ့ မက်တွန်နေး၊ ဖရက်ဒ်နဲ့ ဗဟိုခံစစ်ကစားသမား ၃ ဦး ပုံစံကို ထိန်းသိမ်းထားခဲ့တယ်”
“အဲဒီတော့ လီဗာပူးက ဒီဟင်းလျာစာရင်းကို မကြိုက်ပါဘူး”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။