လီဗာပူးက ချန်ပီယံဆုကို စိန်ခေါ်နိုင်ဆဲလို့ ပြောခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးနဲ့ အန်ဖီးလ်မှာ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် ပြိုင်ဘက်အသင်းနဲ့ပတ်သက်လို့ ချီးကျူးစကားပြောကြားလာပြန်ပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့အသင်းဖြစ်ပြီး မန်စီးတီးနဲ့လည်း (၁၃) မှတ် ကွာဟလျက်ရှိပါတယ်။



ပြီးခဲ့တဲ့ရာသီမှာတော့ ဒီနှစ်သင်းက ပရီးမီးယားလိဂ်နောက်ဆုံးပွဲအထိ ချန်ပီယံဆုကို အပြိုင်လုခဲ့ကြတာပါ။ ဒါပေမယ့် ဒီနှစ် လီဗာပူးက ချန်ပီယံပြေးလမ်းကြောင်းကနေ ထွက်သွားပြီလို့ လီဗာပူးနည်းပြ ကလော့ပ်က ပြီးခဲ့တဲ့အပတ်မှာ အတည်ပြုထားပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာကတော့ ဒါကို သဘောမတူပါဘူး။

ဂွါဒီယိုလာက “လီဗာပူးက အမြဲတမ်း ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်ပြီး အခုလည်း အဓိက စိန်ခေါ်သူဖြစ်နေဆဲပါ။ သူတို့မှာရှိတဲ့ အရည်အချင်း၊ လုပ်ပုံကိုင်ပုံတွေကို ကျနော်သိပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်မှာ လီဗာပူးက အင်္ဂလိပ်ဘောလုံးလောကမှာ ဘယ်သူမှ မကြုံဖူးတဲ့ အခြေအနေမျိုးအတွက် တိုက်ပွဲဝင်ခဲ့တာပါ”

“သူတို့က ဆုဖလားလေးလုံးအတွက် တိုက်ပွဲဝင်ခဲ့ပြီး နှစ်လုံးရခဲ့သလို ပရီးမီးယားလိဂ်မှာလည်း တမှတ်တည်းနဲ့ ချန်ပီယံဖြစ်ခွင့်လွဲချော်ခဲ့တာပါ။ အင်္ဂလိပ်ဘောလုံးလောကမှာ ဘယ်သူမှမရနိုင်တဲ့ အောင်မြင်မှုမျိုးကိုရဖို့ သူတို့ နီးစပ်ခဲ့တာပါ။ အခုလည်း လီဗာပူးက တူညီတဲ့အသင်း၊ တူညီတဲ့နည်းပြ၊ တူညီတဲ့ ကစားသမားတွေနဲ့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ နောက်ဆုံးနှစ်ပွဲဆက်အဖြစ် ကွန်မြူနတီဒိုင်းမှာ ရှုံးနိမ့်ခဲ့သလို ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း ရှုံးနိမ့်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဂွါဒီယိုလာက လီဗာပူးနဲ့ပွဲမှာ သူ့အသင်းဆီက နောက်ဆုံးနှစ်ပွဲကထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးကို မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က