ဟာလန်းရဲ့အဖေက သူ့သားကို ကြိုကာကွယ်ထားပြီးသားပါ။

မနေ့ညက လီဗာပူးနဲ့ မန်စီးတီးတို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မတိုင်ခင်မှာ အယ်လ်ဖီဟာလန်းက ပရိသတ်တွေအနေနဲ့ သူ့သားဖြစ်သူကို အာလင်ဟာလန်းကို ပွဲတိုင်း ဂိုးသွင်းပေးဖို့ မမျှော်လင့်ထားသင့်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။ တကယ်တမ်း ပွဲကစားချိန်မှာလည်း ဟာလန်းက လီဗာပူးဘက်ကို ဂိုးမသွင်းနိုင်ခဲ့ဘဲ မန်စီးတီးကလည်း အဝေးကွင်းမှာ ဒီရာသီ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။



လီဗာပူးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဆာလာက သွင်းယူပေးခဲ့တာဖြစ်ပြီး ဟာလန်းအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်း၊ ဂိုးမဖန်တီးနိုင်တဲ့ ပထမဆုံးသောပွဲတပွဲလည်းဖြစ်ခဲ့ပါတယ်။ ဟာလန်းက လီဗာပူးနဲ့ပွဲမတိုင်ခင်မှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး (၂၀) အထိ သွင်းယူထားနိုင်ခဲ့သူပါ။

ဒါပေမယ့် အယ်လ်ဖီဟာလန်းက “လက်ရှိအခိုက်အတန့်မှာ ဟာလန်းက လူတွေရဲ့ အများကြီးအာရုံစိုက်မှုကို ခံယူနေရပါတယ်။ သူ့အတွက် ကြီးကျယ်ခမ်းနားတဲ့ရာသီအဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီတော့ ဒါကို ဆက်ပြီး ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ဟာလန်း ဂိုးမသွင်းနိုင်တဲ့ အချို့နေ့ရက်တွေ ရှိလာနိုင်တာကို သိထားပါတယ်”

“ဒါက ခက်ခဲကြမ်းတမ်းတဲ့ကိစ္စပါ။ ဒါပေမယ့် ကျနော်တို့ ကွင်းဘေးမှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကို တတ်နိုင်သလောက် အများကြီး အာရုံမစိုက်မိဖို့ အကောင်းဆုံးကြိုးစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာ ဗန်ဒိုက်ချ်က ဟာလန်းကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုနိုင်ပြီး ဟာလန်းရရှိခဲ့တဲ့ အခွင့်အရေးအချို့မှာလည်း လီဗာပူးဂိုးသမား အယ်လစ်ဆန်က အမှားအယွင်းမရှိခဲ့ပါဘူး။

မနေ့က လီဗာပူးနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးတို့ လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အာဆင်နယ်နဲ့ ရမှတ် (၄) မှတ် ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ ဟာလန်းရဲ့ သွင်းဂိုးတွေကလည်း ဒီပွဲမှာ ရပ်တန့်သွားခဲ့ပေမယ့် လာမယ့်ပွဲတွေမှာတော့ ဟာလန်းတယောက် ပြန်လည်ဂိုးမြူးနိုင်မယ်လို့လည်း ပရိသတ်အများစုက အပြည့်အဝ ယုံကြည်ထားကြပါတယ်။  

Share

Loading Next Article...
က္က