ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တဲလ်က ဒီကနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအတွက် ပြိုင်ဘက်အသင်းကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်မှာ အမှတ်မလိုအပ်တော့တဲ့ အသင်းတသင်းပါ။
ဒါပေမယ့် လီဗာပူးကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးကြီးနေပြီး ဒီကနေ့ပွဲအပါအဝင် ရာသီပိတ် ဝုလ်ဗ်နဲ့ပွဲကိုလည်း အနိုင်ကစားဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့်တော့ လက်ရှိအနေအထားအရ အမှတ်မလိုအပ်တဲ့ အသင်းတွေနဲ့ ထိပ်တိုက်တွေ့ရတာက လီဗာပူးအတွက် ကံကောင်းတယ်လို့ဆိုရမှာပါ။
ပရိသတ်တွေက ဒီလိုမျိုး ယူဆထားပေမယ့် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တဲလ်ကတော့ လီဗာပူးကို ခက်ခဲတဲ့ပွဲတပွဲဖြစ်စေမယ်လို့ အခုလိုပဲ သတိပေးခဲ့ပါတယ်။ ဟာဆန်ဟက်တဲလ်က “ဆောက်သမ်တန်ပရိသတ်တွေက ကျနော်တို့ ဘယ်လိုအသင်းမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သိထားပါတယ်။ ဘယ်လောက်ခက်ခဲမလဲ၊ လီဗာပူးရဲ့ပုံစံက ဘယ်လိုရှိလဲတို့ပေါ့”
“အခုချိန်မှာ လီဗာပူးဘက်က ဒဏ်ရာပြဿနာအချို့ရှိနေပေမယ့် ကျနော်တို့ ရင်ဆိုင်ရမှာက ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ထားတဲ့ အသင်းတသင်းပါ။ ဒါကလည်း ကျနော်တို့အတွက်တော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲပါပဲ။ ကျနော်တို့က ဒီပွဲအတွက် ကွင်းထဲမှာ အရာအားလုံး ပေးဆပ်သွားမှာဖြစ်ပြီး ဆောက်သမ်တန်ပရိသတ်တွေကို ဂုဏ်ယူရအောင် လုပ်ပေးသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုပြိုင်ဘက် မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း လီဗာပူးကို လေးဂိုးပြတ်အနိုင်ယူဖို့ ဆောက်သမ်တန်ကို တိုက်တွန်းထားပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးနဲ့လီဗာပူးအကြား အမှတ်ကွာဟချက်က လေးမှတ်ဖြစ်ပါတယ်။ လီဗာပူးသာ ဒီညမှာနိုင်လိုက်ရင် ရာသီနောက်ဆုံးပွဲ မကစားခင် တမှတ်သာ ကွာဟတော့မှာပါ။
မန်စီးတီးဟာ ရာသီပိတ်နောက်ဆုံးပွဲမှာ လီဗာပူးဂန္တဝင်ဟောင်း ဂျရတ်ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လီဗာပူးပရိသတ်တွေကလည်း ဂျရတ်ကို မျှော်လင့်တကြီးနဲ့ အားကိုးနေကြတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်တွေ့နေရပါတယ်။