မန်စီးတီးကို ဒီလိုနည်းလမ်းနဲ့ လက်စားချေသွားပြီပေါ့လို့ ပရိသတ်တွေက နောက်ပြောင်နေကြပါတယ်။

မနေ့ညက ဗီလာရီးရဲလ်နဲ့လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဧည့်သည် လီဗာပူးက ဗီလာရီးရဲလ်ကို ၂-၃ ဂိုးနဲ့ အနိုင်ယူကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ ဗီလာရီးရဲလ်ဂိုးသမားရဲ့ အနေအထားက တော်တော်လေး မေးခွန်းထုတ်စရာကောင်းခဲ့ပြီး ပွဲအပြီးမှာလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။



ပထမပိုင်းမှာ ဗီလာရီးရဲလ်က ခြေစွမ်းအသာနဲ့ လီဗာပူးကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဒီယာ၊ ကိုကွီလင်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဖာဘင်ဟို၊ ဒီယက်ဇ်၊ မာနေးတို့ရဲ့ ဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရပြီး နှစ်ကျော့ပေါင်း ၅-၂ ဂိုးနဲ့ ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။


ရူလီရဲ့ပေါင်ကြားထဲကို ဖာဘင်ဟို သွင်းယူသွားခဲ့တဲ့ဂိုးက ဗီလာရီးရဲလ်ဂိုးသမား ရူလီကာကွယ်နိုင်ခဲ့သင့်တယ်လို့ ပရိသတ်တွေက ဝေဖန်နေပါတယ်။ ဒီယက်ဇ်ရဲ့ခေါင်းတိုက်ဂိုးကလည်း ရူလီရဲ့ ပေါင်ကြားထဲကနေပဲ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မာနေးရဲ့သွင်းဂိုးမှာလည်း ရူလီတယောက် အတွက်အဆ လွဲချော်ခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။

မာနေးရဲ့ဂိုးမှာ ရူလီရှေ့ကို တော်တော်တက်လာခဲ့ပေမယ့် ဖျက်ထုတ်ပုံမပီပြင်ခဲ့သလို နောက်ခံလူ ဖို့သ်လည်း မာနေးကို မတားဆီးနိုင်ခဲ့တာကြောင့် မာနေးက ဘယ်သူမှမရှိတော့တဲ့ ဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူသွားခဲ့ပါတယ်။ အချက်အလက်တွေရဲ့ဖော်ပြချက်အရ ရူလီဟာ ဒီပွဲအတွက် ဗီလာရီးရဲလ်ရဲ့ အညံ့ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

ထူးခြားချက်တခုအနေနဲ့ ရူလီဟာ မန်စီးတီးဂိုးသမားဟောင်းတယောက်ဖြစ်ခဲ့ပြီး (၂၀၁၆-၁၇) ဘောလုံးရာသီမှာ မန်စီးတီးဂိုးသမားဖြစ်ခဲ့တာပါ။ ဒါပေမယ့် အသင်းမှာ တရာသီကြာနေခဲ့ပြီး ဆိုစီဒက်ကို ပြန်လည်ရောင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မောင့်ပယ်လီယာမှာ အငှားနဲ့ကစားခဲ့ပြီး (၂၀၂၀) မှာတော့ ဗီလာရီးရဲလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေက “ရူလီက မန်စီးတီးကို အခုထိမုန်းတီးနေပုံပဲ” “ရူလီက မန်စီးတီးမှာ အခွင့်အရေးမရတဲ့အပေါ် အခုလိုပဲ မန်စီးတီးရဲ့မဟာပြိုင်ဘက် လီဗာပူးကို အခွင့်အရေးပေးပြီး လက်စားချေလိုက်တာပါ” “ရူလီက ယူနိုက်တက်နဲ့ပွဲမှာတုန်းကျ လက်စွမ်းပြပြီး အခု လီဗာပူးနဲ့ကျမှ ရှေ့တက်ကစားနေတာပါ”

“မန်စီးတီးက ရူလီကို ခေါ်ပြီး ဘာလို့တနာရီအတွင်း ပြန်ရောင်းထုတ်လိုက်လဲဆိုတာ အခုပွဲက သက်သေပါပဲ” လို့ အသီးသီး နောက်ပြောင်လျက်ရှိပါတယ်။ မန်စီးတီးနဲ့လီဗာပူးတို့ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုပြင်းထန်နေသလို ဒီညမှာသာ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် လီဗာပူးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံကြဦးမှာပါ။ 

Share

Loading Next Article...
က္က