ယူနိုက်တက်နဲ့လီဗာပူးတို့ ထိပ်တိုက်တွေ့နေတာပါ။

လက်ရှိဒီစီယူနိုက်တက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဝိန်းရွန်းနီဟာ အသင်းဖော်ဟောင်း ရော်နယ်ဒိုကို လီဗာပူးနဲ့ပွဲမှာ ပွဲထွက်ခွင့်မပေးဖို့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဂန္တဝင်ဟောင်း ရွန်းနီဟာ ယူနိုက်တက်မှာရှိခဲ့တုန်းက ရော်နယ်ဒိုနဲ့ အတွဲညီခဲ့တဲ့ ကစားသမားတယောက်လည်းဖြစ်ပါတယ်။



ဒါပေမယ့် အခု ရွန်းနီရဲ့ပြောစကားကတော့ ပရိသတ်တွေအတွက်ပါ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ရာသီအဖွင့်နှစ်ပွဲမှာ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားအောက်ဆုံးအထိ ရောက်ရှိခဲ့ရပါတယ်။ ဒါ့အပြင် ရဂိုးအနေနဲ့ ဘရိုက်တန်ကစားသမား မက်အယ်လစ်စတာ ကိုယ့်ဂိုးကိုယ်သွင်းယူထားတဲ့တဂိုးသာရှိပါတယ်။

ဒါပေမယ့်လည်း လီဗာပူးနဲ့ကစားမယ့် အရေးကြီးပွဲမှာ ရော်နယ်ဒိုကို မသုံးဖို့ ရွန်းနီက အခုလိုပဲတိုက်တွန်းခဲ့ပါတယ်။ ရွန်းနီက “ကျနော်သာဆိုရင် ရော်နယ်ဒိုကိုရော၊ ရပ်ရှ်ဖို့ဒ်ကိုရော ကစားခွင့် မပေးပါဘူး။ တန်ဟက်ခ်ရဲ့နေရာမှာသာဆိုရင် ကျနော်က ကွင်းအတွင်း ခွန်အားရရှိဖို့ဆိုတာကို အဓိကစိုးရိမ်နေရမှာပါ။ နံပါတ် (၉) နေရာအတွက် ယူနိုက်တက်တို့ ကစားသမားသစ် ခေါ်ယူဖို့ ပျက်ကွက်ခဲ့ပါတယ်”

“အဲ့ဒီတော့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ရော်နယ်ဒိုကို အဲ့ဒီနေရာမှာ ထားကစားပြီး မှီခိုခဲ့ရပါတယ်။ သူက တန်ဟက်ခ်ရဲ့အသင်းနဲ့ အများကြီးလေ့ကျင့်ခဲ့ရသေးတာ မဟုတ်ဘဲနဲ့တောင် ဒီလိုမျိုး အသုံးပြုခဲ့ရတာပါ။ ရော်နယ်ဒိုကိုကြည့်ရတာ ပွဲကစားဖို့ ကြံခိုင်မှုအတွက် အချိန်လိုအပ်နေပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ရာသီသစ်မစခင် ရက်ပိုင်းအလိုမှ အသင်းနဲ့ စတင်ပူးပေါင်းခဲ့တာပါ။

ဒါ့အပြင် ရာသီကြိုခြေစမ်းပွဲတလျှောက် ယူနိုက်တက်အတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး မာရှယ်လ်ကလည်း အက်သလက်တီကိုနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ရာသီအဖွင့် နှစ်ပွဲဆက်တိုက် လွဲချော်ခဲ့ရပါတယ်။ အခုချိန်မှာတော့ မာရှယ်လ်တယောက် ကာရင်တန်မှာ လေ့ကျင့်ခန်းပြန်ဆင်းနေသည့်တိုင် လီဗာပူးနဲ့ပွဲမှာလည်း ရော်နယ်ဒိုပဲ ပွဲထွက်လာဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က