ယူနိုက်တက်က ဒီပွဲမှာ ခံစစ်ကစားချိန်ဆို ခံစစ်၊ တိုက်စစ်ကစားချိန်ဆို တိုက်စစ်ကို ပီပြင်အောင်ကစားပြီး ထိုက်တန်တဲ့နိုင်ပွဲတပွဲကိုရရှိခဲ့ပါတယ်။ မက်ဂွိုင်းရား၊ ရော်နယ်ဒိုတို့ အရံခုံမှာပဲ ပါဝင်လာခဲ့ပြီး တိုက်စစ်မှာ အီလန်ဂါ၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ ပွဲထွက်ခဲ့ပါတယ်။ နောက်တန်းမှာ ဗာရန်း၊ လီဆန်ဒရို၊ မာလာစီယာတို့ ပါဝင်လာခဲ့ပြီး ဖရက်ဒ်နေရာမှာ အဲရစ်ဆင်ပွဲထွက်လာခဲ့ပါတယ်။
လီဗာပူးကလည်း ဒါဝင်နူးနက်ဇ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဖေမီနိုကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ ဖာဘင်ဟိုနေရာ မီလ်နာ ပွဲထွက်ခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားတွေရဲ့ High Pressing အောက်မှာ လီဗာပူးကွင်းလယ်နဲ့ ခံစစ် တော်တော်လေး ရုန်းကန်ခဲ့ရပြီး နောက်တန်းက လီဆန်ဒရို၊ မာလာစီယာတို့လည်း တော်တော်လေးကို ခြေစွမ်းပြခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေဆီက နိုင်လိုစိတ်အပြည့်ကို မြင်တွေ့ခဲ့ရပြီး လီဗာပူးကတော့ နောက်ဆုံးအခွင့်အရေးဖန်တီးမှုတွေမှာ လိုအပ်ချက်တွေ များပြားခဲ့ပါတယ်။ အီလန်ဂါရဲ့ အပိုင်ကန်ချက်တကြိမ် တိုင်ထိထွက်ခဲ့ပေမယ့် သူ့ရဲ့ဖန်တီးမှုကနေပဲ ဆန်ချိုက မီလ်နာကို လှလှပပလှည့်စားပြီး အဖွင့်ဂိုးကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူခဲ့ပါတယ်။
အဲ့ဒီနောက်မှာ လီဗာပူးတို့ ဆက်တိုက် ဖိအားပေးခဲ့ပြီး ဘရူနိုဖာနန်ဒက်စ် ကိုယ့်ဂိုးကိုယ်သွင်းမိမလိုဖြစ်ခဲ့ပေမယ့် လီဆန်ဒရိုနဲ့ထိပြီး ပြန်ထွက်ခဲ့တာကြောင့် သက်သာရာရခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အီလန်ဂါနေရာ မာရှယ်လ်ဝင်ကစားခဲ့ပြီး ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်တွေကို လီဗာပူး ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ မာရှယ်လ်ရဲ့ ဖန်တီးပေးမှုကနေပဲ ရပ်ရှ်ဖို့ဒ် လူကျွံထောင်ချောက်ကို လွတ်လွတ်ကျွတ်ကျွတ် ကျော်ထွက်သွားခဲ့ပြီး ယူနိုက်တက်အတွက် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်တသင်းလုံးက လုပ်အားနှုန်းကောင်းကောင်းနဲ့ ရုန်းကန်ခဲ့ကြပြီး အထူးသဖြင့် မာလာစီယာက သူ့ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဆာလာကိုရင်ဆိုင်ခဲ့ပုံက အထင်ကြီးစရာပါ။ လီဆန်ဒရိုရဲ့ အမြင့်ဘောရှင်းထုတ်မှုတွေ၊ တယောက်ချင်းယှဥ်လုမှုတွေကလည်း လီဗာပူးကစားသမားတွေကို အသာစီးရခဲ့ပြီး ပွဲပြီးခါနီးမှာ ဒီဂီယာလက်စွမ်းပြခဲ့ပေမယ့် ဆာလာရဲ့ ချေပဂိုးတဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့်လည်း လီဗာပူးတို့ နောက်ထပ်ချေပဂိုးထပ်မရတော့ဘဲ ယူနိုက်တက်က ၂-၁ ဂိုးဆိုတဲ့ရလဒ်နဲ့ ဒီရာသီ ပထမဆုံးနိုင်ပွဲကိုရရှိပြီး နိုင်ပွဲမရသေးတဲ့ လီဗာပူးကိုပါ ကျော်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။