လီဗာပူးအတွက် ၁၃ ပွဲမြောက်ပရီးမီးယားလိဂ်နိုင်ပွဲရရှိခဲဲ့တာပါ။

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးနဲ့ ဝက်စ်ဟမ်း၊ လီဗာပူးနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး လီဗာပူးအသင်းက ၂-၁ နဲ့ ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။

ချယ်ဆီးနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်ချယ်ဆီးအသင်းက ပထမပိုင်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းဂိုးသမားက အကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် အဖွင့်ဂိုး မရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၃ မိနစ်အကြာမှာပဲ ခရက််စ်ဝဲလ်က ဝက်စ်ဟမ်းအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အဖွင့်ဂိုး ရရှိခဲ့ပြီးတဲ့နောက်မှာ ဝက်စ်ဟမ်းအသင်းက အိမ်ရှင်ချယ်ဆီးကို တရကြမ်းဖိအားပေးလာခဲ့ပြီး ချယ်ဆီးအသင်းက လူစားလဲလှယ်မှုအချို့ပြုလုပ်ပြီး တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

၆၇ မိနစ်မှာ ဝက်စ်ဟမ်းအသင်း ဂိုးရရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR နဲ့ စစ်ဆေးခဲ့ပြီး အန်တိုနီယိုလက်ထိခဲ့တယ်ဆိုပြီး ဂိုးကို ခွင့်မပြုပေးခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်း ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိမယ့်အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဒုတိယပိုင်း ပြီးဆုံးချိန်အထိ ဝက်စ်ဟမ်းအသင်းဘက်ကို ချေပဂိုး သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ထိရောက်တဲ့တိုက်စစ်ဆင်မှုမျိုး မပြုလုပ်နိုင်ခဲ့ဘဲ အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ပွဲစဉ် ပထမပိုင်းစတင်ချိန်ကတည်းက အိမ်ရှင်လီဗာပူးအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ၁၈ မိနစ်မှာ ဗန်ဒိုက်က လီဗာပူးအသင်းအတွက် အာနိုးလ်ရဲ့ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အဖွင့်ဂိုးရရှိပြီးနောက်ပိုင်း ဆက်လက်ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး ၂၄ မိနစ်မှာ ဗန်ဒိုက်ကပဲ အလက်ဇန္ဒားအာနိုးလ်ရဲ့ ပေးပို့မှုကနေတဆင့် နောက်ထပ်ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးနဲ့ ဘရိုက်တန်တို့ အပြန်အလှန်တိုက်စစ်တွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ၇၆ မိနစ်မှာ လီဗာပူးဂိုးသမား အယ်လီဆင် ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဘောလုံးကို လက်နဲ့ပုတ်ခဲ့တဲ့အတွက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

၇၉ မိနစ်မှာပဲ လူးဝစ်ဒန့်ခ်က အလွတ်တည်ကန်ဘောကနေတဆင့် အေဒရီယန်ရဲ့ ဘယ်ဘက်အောက်ထောင့်ကို အနိမ့်ဘောကန်သွင်းပြီး ချေပဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဒုတိယပိုင်းပြီးဆုံးချိန်အထိ ဘရိုက်တန်အသင်းက နောက်ထပ်ချေပဂိုးရရှိဖို့ ကြိိုးပမ်းခဲ့ပေမယ့် အေဒရီယန်က လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် အိမ်ရှင်လီဗာပူးအသင်းက နောက်ထပ်ပရီးမီးယားလိဂ်နိုင်ပွဲကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

Share

က္က