မန်စီးတီး တော်တော်လေး ဒုက္ခများသွားတဲ့ပွဲပါ။ နောက်တန်းက ဒဏ်ရာပြဿနာတွေက ဒီပွဲမှာ မန်စီးတီးကို ရုန်းကန်စေခဲ့ရပြီး ဗဟိုနောက်ခံလူနေရာမှာ ပွဲထွက်လာတဲ့ ဖာနန်ဒင်ဟို၊ ဘယ်အစွန်လူ ဇင်ချန်ကိုတို့က မပါးနပ်တာ၊ နေရာယူပုံနဲ့ ဆုံးဖြတ်ချက် လွဲတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ယောက်တည်းကို ပုံချတာထက် မန်စီးတီး နောက်တန်းတတန်းလုံးက အားနည်းခဲ့တာပါ။
တိုက်စစ်က ဝက်စ်ဟမ်းခံစစ်ကို ထိုးဖောက်ရခက်နေချိန်မှာ ခံစစ်က ဝက်စ်ဟမ်းရဲ့ ကောင်တာ တချက်ဆို တချက်ကို မထိန်းချုပ်နိုင်ခဲ ကောင်တာ တချက်ဆို တချက်ကို မထိန်းချုပ်နိုင်ခ့ဘဲ ဂိုးတွေ ခွင့်ပြုခဲ့ရပြီး အသည်းအသန် လိုက်ကစားခဲ့ရပါတယ်။ ဘိုဝင်ကပဲ လွတ်လွတ်ကျွတ်ကျွတ် အနေအထားကနေ ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးတွေသွင်းပေးခဲ့ပြီး ပထမပိုင်းမှာတော့ မန်စီးတီးတို့ ရှုံးနိမ့်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ ချေပဂိုးရဖို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပြီး ဂရီလစ်ရှ်ရဲ့ ကန်ချက် လမ်းကြောင်းပြောင်းတာကတဆင့် ပထမချေပဂိုးရရှိခဲ့ပါတယ်။ ဒုတိယချေပဂိုးမရခင်ကြားထဲမှာလည်း မန်စီးတီး နောက်တန်းက ဆက်တိုက် ဒုက္ခပေးနေခဲ့ပြီး လာပေါ့တ်နဲ့ အီဒါဆန် နားလည်မှုလွဲတာ၊ အန်တိုနီယို ခြေထောက်ထဲကို ဖာနန်ဒင်ဟို လွတ်လွတ်ကျွတ်ကျွတ် ဘောလုံး ထည့်ပေးလိုက်တာမျိုးတွေရှိခဲ့ပါတယ်။
ဒါပေမယ့် ကံတရားက မန်စီးတီးဘက်မှာရှိနေခဲ့ပြီး ပြစ်ဒဏ်ဘောကတဆင့် ကူဖယ်လ်က ခေါင်းတိုက်ပြီး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပါတယ်။ ဘိုဝင် ဟက်ထရစ်ရဖို့ အခွင့်အရေးရှိခဲ့ပေမယ့် သူ့ရဲ့ကန်ချက်က လာပေါ့တ်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် မန်စီးတီးလည်း ကံကောင်းခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မန်စီးတီးတို့ ပင်နယ်တီရရှိခဲ့ပေမယ့် မာရက်ဇ်ရဲ့ ပင်နယ်တီကန်ချက်ကို ဖေဘီယန်စကီး ကာကွယ်နိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ပွဲပြီးဆုံးချိန်မှာတော့ တဖက်နှစ်ဂိုးစီ သရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ မန်စီးတီးဟာ ဒီသရေပွဲကြောင့် လီဗာပူးသာ လက်ကျန်ပွဲကို နိုင်ခဲ့ရင် တမှတ်ပဲကွာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးတို့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိနေဆဲဖြစ်ပြီး အိမ်ကွင်းနောက်ဆုံးပွဲမှာသာ ဗီလာကိုနိုင်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။
တချိန်တည်းကစားခဲ့တဲ့ပွဲတွေမှာတော့ အက်စတွန်ဗီလာနဲ့ခရစ္စတယ်ပဲလေ့စ်က တဂိုးစီသရေ၊ လိဒ်စ်နဲ့ဘရိုက်တန်က တဂိုးစီသရေ၊ လက်စတာက ဝက်ဖို့ဒ်မှာ အဝေးကွင်းမှာ ၁-၅ ဂိုး၊ ဝုလ်ဗ်နဲ့ နော့ဝစ်ချ်တို့က တဂိုးစီသရေရလဒ်တွေထွက်ပေါ်ခဲ့ပါတယ်။ ဒီည ကစားခဲ့တဲ့ပွဲစဥ် (၅) ပွဲမှာ (၄) ပွဲအထိ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပြီး လိဒ်စ်ကတော့ ဘန်လေထက် တပွဲပိုကစား တမှတ်အသာနဲ့ အဆင့် (၁၇) နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။