ယူနိုက်တက်ကစားသမား ဟိန့်ဇ်က လီဗာပူးကိုပြောင်းချင်ခဲ့တာပါ။

ယူနိုက်တက်နဲ့လီဗာပူးတို့ ဒီည (၁၀) နာရီမှာ ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ကြမှာဖြစ်ပြီး အင်္ဂလန်ရဲ့အစဥ်အလာအကြီးမားဆုံး ဒီနှစ်သင်းရဲ့ အားပြိုင်မှုကို ပရိသတ်တွေက အထူးစိတ်ဝင်စားနေပါတယ်။



အင်္ဂလန်မှာ ယူနိုက်တက်အတွက် အဓိကပြိုင်ဘက်တွေအဖြစ် လီဗာပူး၊ လိဒ်စ်ယူနိုက်တက်၊ မန်စီးတီးတို့ ရှိတယ်လို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပြီး ဖာဂူဆန်လက်ထက်မှာလည်း ယူနိုက်တက်ကစားသမား ဟိန့်ဇ်က လီဗာပူးဆီ တိုက်ရိုက်ပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် ဖာဂူဆန်ကိုယ်တိုင်က တားမြစ်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အသင်းနှစ်သင်းကြား နောက်ဆုံး ကစားသမားအပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့တာဟာ (၁၉၆၄) က ဖီးလ်ချီစ်နောရဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး ဟိန့်ဇ်ကလည်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာကာ လီဗာပူးကို ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့တော့ ဖာဂူဆန်က သူ့ရဲ့ကိုယ်ရေးအထ္ထုပတ္တိထဲမှာ အခုလိုပဲ ရေးသားဖော်ပြခဲ့တာပါ။

ဖာဂူဆန်က “ဂါဘရီရယ် (ဟိန့်ဇ်) က သူ လီဗာပူးကို ပြောင်းချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သမိုင်းကြောင်းအရ ယူနိုက်တက် ကစားသမားတွေကို လီဗာပူးဆီ မရောင်းဘဲ လီဗာပူးဘက်ကလည်း အပြန်အလှန်ပါပဲ။ ဟိန့်ဇ်က အဲ့ဒါကို သိပ်ပြီးမရှင်းလင်းခဲ့ပုံပါပဲ” လို့ ထည့်သွင်းရေးသားခဲ့ပါတယ်။

ဟိန့်ဇ်ဟာ (၂၀၀၄) နွေရာသီမှာ PSG ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီး စိတ်ပျက်ဖွယ်ရာ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတာပါ။ သူဟာ အဲ့ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၃၉) ပွဲကစားပေးခဲ့ပြီး ယူနိုက်တက်ကတော့ ဖလားလက်မဲ့ရာသီတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒီနောက် (၁) နှစ်အကြာမှာပဲ ဟိန့်ဇ်က အခုလိုမျိုး ထွက်ခွာခွင့်တောင်းခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က လီဗာပူးနည်းပြ ဘင်နီတက်ဇ်ကလည်း ဟိန့်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဘင်နီတက်ဇ်က “ဟိန့်ဇ်က အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး ကျွန်တော်တို့လည်း သူ့ကိုသဘောကျပါတယ်”

“အဲ့ဒါကြောင့်လည်း သူတို့ (ယူနိုက်တက်) က ဟိန့်ဇ်ကို လက်လွှတ်မခံချင်ခဲ့တာပေါ့။ ကျွန်တော်တို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ယူနိုက်တက်က ပယ်ချခဲ့တာပါ” လို့ ဖွင့်ဟပြောကြားခဲ့ဖူးတာလည်းဖြစ်ပါတယ်။ 

Share

က္က