အဝေးကွင်းမှာ ရီစီဂျိမ်းစ်ရဲ့သွင်းဂိုးတွေနဲ့အတူ ချဲလ်ဆီးတို့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။

နယူးကာဆယ်နဲ့ ချဲလ်ဆီးပွဲမှာတော့ ဧည့်သည် ချဲလ်ဆီးတို့ အဖွင့်ဂိုးရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ တိုက်စစ်မှာ လူကာကူ၊ ဗာနာတို့နှစ်ယောက်လုံး မပါဝင်နိုင်ခဲ့သလို မေဆင်မောင့်လည်း မပါဝင်လာခဲ့ဘဲ ဇီယက်ချ်၊ ဟာဗက်ဇ်၊ အိုဒွိုင်းတို့နဲ့ ပွဲထွက်လာခဲ့တာပါ။



စုပြုံပိတ်ဆို့နေတဲ့ နယူးကာဆယ်ကြောင့် ချဲလ်ဆီးတို့ ထိုးဖောက်ရခက်ခဲ့သလို တိုက်စစ်ပိုင်းကလည်း ထက်မြက်မှုပျောက်ဆုံးနေခဲ့တာကြောင့် ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ တစ်ချိန်တည်းကစားနေတဲ့ လီဗာပူး၊ မန်စီးတီးတို့ နိုင်ပွဲပျောက်ဆုံးချိန်မှာ ချဲလ်ဆီးလည်း အဝေးကွင်းမှာ ခြေချော်ပြီလားလို့ အားလုံးက တွက်ဆခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ခံလူ ရီစီဂျိမ်းစ်ရဲ့ မထင်မှတ်တဲ့ နှစ်ဂိုးဆက်တိုက်သွင်းယူမှုနဲ့အတူ ချဲလ်ဆီးတို့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲရှာဖွေနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၆၄) မိနစ်မှာ ရီစီဂျိမ်းစ်ရဲ့ မထင်မှတ်တဲ့ကန်ချက်က ချဲလ်ဆီးအတွက် အဖွင့်ဂိုးဖြစ်ခဲ့ပြီး ဒီဂိုးကြောင့်လည်း ချဲလ်ဆီးတို့ လက်ကျန်ပွဲကစားချိန်တွေမှာ ဖိအားလျော့ခဲ့ရတာပါ။

အဲ့ဒီနောက် (၇၆) မိနစ်မှာလည်း ရီစီဂျိမ်းစ်ကပဲ နောက်တစ်ဂိုးထပ်သွင်းခဲ့ပြီး (၈၁) မိနစ်မှာတော့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ပွဲသိမ်းဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရီစီဂျိမ်းစ်က အဓိကချီးကျူးရမယ့် ကစားသမားဖြစ်ပြီး နောက်ခံလူတစ်ယောက်ဖြစ်သည့်တိုင် သူ့ရဲ့အဆုံးသတ်စွမ်းရည်က အသင်းအတွက် လိုအပ်ချိန်မှာ အကောင်းဆုံးအသုံးချနေနိုင်တာလည်းဖြစ်ပါတယ်။

တိုက်စစ်ပိုင်းကတော့ လူကာကူ၊ ဗာနာအပြင် မေဆင်မောင့်ပါ မပါဝင်နိုင်လို့ ရုန်းကန်နေခဲ့ရပြီး ဇီယက်ချ်၊ ဟာဗက်ဇ်၊ အိုဒွိုင်းတို့က တူချယ်လ် ကျေနပ်လောက်မယ့် ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် နိုင်ပွဲလိုအပ်နေချိန်မှာ ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ အသင်းတစ်သင်း ပီသစွာပဲ ချဲလ်ဆီးတို့ အနိုင်ရခဲ့ပြီး ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးတို့ ဒုတိယနေရာက လီဗာပူးကို (၃) မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

က္က