ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက လာမယ့် လီဗာပူးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်လိုနည်းစနစ်မျိုးကို အသုံးပြုမလဲ၊ ဘယ်သူတွေပွဲထွက်မလဲဆိုတာ ကြိုတင်ပြောကြားလိုက်ပါတယ်။ ဒီနှစ်သင်းဟာ မေ (၂၈)၊ ပြင်သစ်မြေမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆင်နွှဲရမှာပါ။
(၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ခဲ့တုန်းက ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ဘန်ဇီမာ၊ ဂါရတ်ဘေးလ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အခုတခါမှာတော့ မကျေပွဲ ပြန်လည်တွေ့ဆုံကြတာဖြစ်ပြီး ဆာလာအပါအဝင် လီဗာပူးကတော့ ရီးရဲလ်မက်ဒရစ်ကို လက်စားချေဖို့ ဆန္ဒပြင်းပြနေကြပါတယ်။
ရီးရဲလ်မက်ဒရစ်ကို လက်ရှိကိုင်တွယ်နေတဲ့ အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်ဖလားကို (၃) ကြိမ် ဆွတ်ခူးထားတဲ့နည်းပြတယောက်ဖြစ်ပါတယ်။ သူ့ရဲ့နည်းပြဘဝမှာ အေစီမီလန်ကို ကိုင်တွယ်ရင်း လီဗာပူးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်လည်းရဖူး၊ ရှုံးလည်းရှုံးနိမ့်ခဲ့ဖူးပါတယ်။
အခုတခါမှာတော့ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ရင်း လီဗာပူးကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲအတွက် ဘယ်လိုနည်းစနစ်ကို သုံးမလဲဆိုတာကို အခုတည်းက ကြိုတင်ပြောပြထားလိုက်ပါတယ်။ အန်ဆယ်လော့တီက “၄-၃-၃ ပေါ့ဗျာ။ တခါတလေတော့လည်း ၄-၄-၂ ဖြစ်သွားနိုင်ပါတယ်။ အတိအကျရယ်လို့တော့ မရှိပါဘူး"”
“တခါတခါဆိုရင်လည်း မန်စီးတီးနဲ့ပွဲမှာလိုမျိုး ကျနော်တို့က ပြိုင်ဘက်ရဲ့ ဒေါက်တိုင်တွေကို ဖိအားပေးရမှာပေါ့။ ၄-၃-၃ ကနေ ၄-၄-၁-၁ ဖြစ်သွားနိုင်တာလည်းရှိပါတယ်။ အိုင်ဒီယာကတော့ အများကြီး အပြောင်းအလဲမရှိပါဘူးဗျာ။ ပြိုင်ဘက်ကို ဖိအားပေးမလား၊ သူတို့ကို ခုခံကစားမလား သိပ်မကွာပါဘူး”
“နောက်ပြီး ဗယ်လ်ဗာဒီရော၊ ရိုဒရီဂိုရော နှစ်ယောက်လုံး ဗိုလ်လုပွဲမှာ ကစားရမှာပါ။ ဒါမှန်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရိုဒရီဂိုဟာ ချဲလ်ဆီး၊ မန်စီးတီးတို့နဲ့ ကစားခဲ့တဲ့ ကွာတား၊ ဆီမီး ဒုတိယအကျော့ပွဲစဥ်တွေမှာ အကောင်းဆုံးခြေစွမ်းပြ ဂိုးသွင်းကာ အသင်းကို နောက်ကျဂိုးတွေနဲ့ ကယ်တင်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဒီကစားသမားဟာ ဗိုလ်လုပွဲမှာလည်း လီဗာပူးကို ထပ်မံဂိုးသွင်းဦးမယ်လို့ ကြုံးဝါးထားပါတယ်။