ဒီရာသီမှာ ပရိသတ်တွေရဲ့ စောင့်ကြည့်မှုအောက်က လွတ်ထွက်နေပြီး ဖိအားကင်းကင်းနဲ့ကစားကာ အံ့အားသင့်စရာနိုင်ပွဲတွေရနေတာက နာပိုလီပါ။ မနေ့က ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ် ၃ မှာ အေဂျက်ဇ်ကို အဝေးကွင်းမှာ ၆ ဂိုးအထိ သွင်းပြီးနိုင်ပွဲထပ်ယူခဲ့တဲ့ နာပိုလီက အုပ်စုအဆင့်ကတက်ရောက်နိုင်ဖို့ ၉၀% အထိ သေချာသွားခဲ့ပြီဖြစ်ပါတယ်။
နာပိုလီက အုပ်စုတွင်းမှာ လီဗာပူးလ်၊ အေဂျက်ဇ်၊ ရိန်းဂျားစ်တို့နဲ့ တအုပ်စုတည်းကျခဲ့တာပါ။ လီဗာပူးလ်ကို ၄-၁၊ ရိန်းဂျားစ်ကို ၀-၃၊ အေဂျက်ဇ်ကို ၁-၆ နဲ့ ဆက်တိုက်အနိုင်ယူခဲ့တာပါ။ ၁၃ ဂိုးအထိ သွင်းခဲ့ပြီး ပေးဂိုး ၂ ဂိုးတည်းသာရှိခဲ့တဲ့ နာပိုလီက အဓိကကစားသမားအများအပြားကို ရောင်းချခဲ့ပြီး လူငယ်ကစားသမားတချို့ကိုသာ ပြန်ခေါ်ယူထားခဲ့တာပါ။ ဒါကြောင့်လည်း သူတို့ရဲ့ စွမ်းဆောင်ရည်က တော်တော်လေးကို ချီးကျူးစရာကောင်းနေခဲ့တာပါ။
ဒရိုင်းမာတင်စ်၊ အင်ဆစ်ဂ်နီ၊ ကူလီဘလီ၊ ဖေဘီယန်ရုဇ်တို့ကို အသင်းကထွက်ခွင့်ပေးခဲ့ပြီး ကင်မင်ဂျေးတို့လို မထင်မရှားကစားသမားတွေကို ဝယ်ယူထားခဲ့တာပါ။ အန်ဒွန်ဘီလီကို အငှားနဲ့ခေါ်ထားခဲ့ပြီး စပယ်လက်တီက သူ့အသင်းကို ဒီရာသီအတွက်ပြင်ဆင်ခဲ့ရာမှာ ထင်မှတ်မထားဘဲ လူငယ်ကစားသမား Khvicha Kvaratskhelia က ခြေစွမ်းပြနေပြီး ကင်မင်ဂျေးကလည်း ခံစစ်ပိုင်းမှာ အားကိုးနေခဲ့ရပါတယ်။
စီးရီးအေ ၈ ပွဲကစားပြီးချိန်မှာလည်း ရှုံးပွဲမရှိထားဘဲ ၆ ပွဲအထိ အနိုင်ရထားပြီး ၁၈ ဂိုးအထိသွင်းထားလို့ တိုက်စစ်အားအကောင်းဆုံးအသင်းဖြစ်နေတာပါ။ တော်တော်လေးကို ဟန်ချက်ညီနေတဲ့အသင်းဖြစ်နေပြီး ချန်ပီယံလိဂ်ရလဒ်တွေကတော့ သူတို့ကို မချီးကျူးဘဲ မနေလောက်အောင်ကိုဖြစ်နေရပါတယ်။ နာပိုလီကြမ်းချက်ကတော့ ခေတ်စကားနဲ့ပြောမယ်ဆိုရင် ကျွတ်ဆင်ကြီးပါပဲ။