ဒီနေ့ညမှာ ကစားရမယ့် လီဗာပူးလ်နဲ့ပွဲမှာ တိုက်စစ်မှူးဘန်ဇီမာ ပါဝင်လာလိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက အတည်ပြုလိုက်ပါတယ်။ ဘန်ဇီမာဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပေမယ့် ဒီပွဲအတွက် အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး ပါဝင်ကစားနိုင်လိမ့်မယ်လို့ အန်ဆယ်လော့တီက အတည်ပြုခဲ့ကာ ပြိုင်ဘက်အသင်းကို စိုးရိမ်စေခဲ့ပြီဖြစ်ပါတယ်။
ဘန်ဇီမာက ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူပေးထားကာ စုစုပေါင်း ၂၃ ပွဲသာ ကစားပေးထားတာဖြစ်ပါတယ်။ ဘန်ဇီမာ ပါဝင်လာမယ်ဆိုတဲ့ သတင်းက လီဗာပူးလ်အတွက်တော့ ချိုမြိန်မှာမဟုတ်တာတော့ အမှန်ပါပဲ။ အကြောင်းကတော့ ဘန်ဇီမာက လီဗာပူးလ်နဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ ကစားသမားဖြစ်နေလို့ပါ။
သူ့ရဲ့ ကစားသမားဘ၀မှာ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ပွဲပေါင်း ၆ ပွဲအထိ ဘန်ဇီမာက ရင်ဆိုင်ခဲ့ရာမှာ ၅ ပွဲအထိ အနိုင်ရကာ ၁ပွဲသရေကျပြီး ရှုံးပွဲမရှိခဲ့ပါဘူး။ အဲဒီ ၅ ပွဲမှာ သူက ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဗိုလ်လုပွဲ ၂ကြိမ်ပါဝင်ခဲ့ကာ ၂ ကြိမ်စလုံး ချန်ပီယံဖြစ်ခဲ့တာကြောင့် လီဗာပူးလ်က သူ့အတွက်တော့ အနိုင်ယူနေကျ အသင်းလိုဖြစ်နေခဲ့ပါတယ်။
ဘန်ဇီမာ ပါဝင်နိုင်မယ်ဆိုပေမယ့် အခြားသော အဓိကကွင်းလယ်လူတွေဖြစ်တဲ့ ချူဝါမန်နီနဲ့ တိုနီခရူးစ်တို့ကတော့ လွဲချော်မယ်လို့ သိရပါတယ်။ဒါကြောင့် ရီးရဲလ်ကွင်းလယ်ပိုင်းမှာ ကာမာဗင်ဂါနဲ့ မိုဒရစ်ကို တွဲဖက်ပေးရမှာဖြစ်ပြီး အန်ဆယ်လော့တီအသင်းရဲ့ အားနည်းချက်က ကွင်းလယ်ပိုင်းဖြစ်လာနိုင်လို့ လီဗာပူးလ်တို့ အခွင့်အရေးယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။