ပထမပိုင်းမှာ ၃-၁ နဲ့ ဦးဆောင်နိုင်စေမယ့် သွင်းဂိုးကို လှလှပပ သွင်းယူခဲ့တာပါ။

လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်ဟာ အန်းဖီးမှာ လီဗာပူးလ်ကို ၃-၁ နဲ့ ဦးဆောင်နိုင်စေမယ့် သွင်းဂိုးကို ၂၅ ကိုက်ကနေ ဒုံးကျည်တစ်စင်းပစ်လွှတ်သလို ကန်သွင်းယူသွားခဲ့ပါတယ်။

ဂျိမ်းစ် မက်ဒီဆင်ဟာ အန်းဖီးမှာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ကရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်မှာ ဂျေမီ ဗာဒီရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပေမယ့် ၃၄ မိနစ်မှာတော့ အံ့အားသင့်ဖွယ်ကန်ချက်နဲ့ ကိုယ်တိုင်လည်း ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဂျိမ်းစ် မက်ဒီဆင်ဟာ ချိန်ဘာလိန်နဲ့ ဘောလုံး ယှဉ်လုပြီးနောက် ကံကောင်းစွာနဲ့ ဘောလုံးက ၎င်းရဲ့ လမ်းကြောင်း တည့်တည့်ကို ကျလာခဲ့ပြီးနောက် လီဗာပူးလ်ဂိုးသမား ကယ်လေဟာ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့တဲ့ ဒုံးကျည်တစ်စင်းပစ်လွှတ်သလို ကန်ချက်နဲ့ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။



မက်ဒီဆင်ဟာ အဝေးကန်ချက်တွေ ကန်သွင်းရတာကို အထူးကျွမ်းကျင်သူ ဖြစ်ပြီး ဒီသွင်းဂိုးကတော့ လက်စတာစီးတီး ကွင်းလယ်ကြယ်ပွင့်အတွက် အချိုမြိန်ဆုံး သွင်းဂိုး ဖြစ်ခဲ့မှာ ဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းက ၂-၀ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး ၁၉ မိနစ်မှာ လီဗာပူးလ်အသင်းအတွက် ချိန်ဘာလိန်က ချေပဂိုး ၁ ဂိုး ပြန်လည်သွင်းယူခဲ့ပြီးနောက် ၃၄ မိနစ်မှာ မက်ဒီဆင်ရဲ့ လက်ဖျားခါရလောက်တဲ့ ဦးဆောင်ဂိုးကို အန်းဖီးကွင်းထဲက ပရိသတ်တွေအားလုံး မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဂျိမ်းစ် မက်ဒီဆင်ဟာ ယခုရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး လီဗာပူးလ်နဲ့ပွဲစဉ်က အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါးရတ် ဆောက်ဂိတ်အတွက်တော့ ၎င်းရဲ့ ကွင်းလယ်ရွေးချယ်စရာတွေကို ပြန်လည်စဉ်းစားဖို့ ဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။ လက်စတာစီးတီးအသင်းက ပထမပိုင်းမှာ ၃-၁ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ လီဗာပူးလ်အသင်းက ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပြီး လူစားဝင်ကစားပေးခဲ့တဲ့ ဂျိုတာက ၁ ဂိုး၊ မီနာမီနိုက တတိယမြောက်ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ လက်စတာစီးတီးအသင်းဘက်က လုခ် သောမတ်စ်နဲ့ ရိုင်ယန် ဘာ့ထရန်တို့ ပင်နယ်တီ လွဲချော်ခဲ့ပြီး လီဗာပူးလ်အသင်းဘက်က မီနာမီနို ပင်နယ်တီ လွဲချော်ခဲ့ပေမယ့်လည်း ဂျိုတာက အသင်းကို ဆီမီးဖိုင်နယ်တက်ရောက်နိုင်စေမယ့် နောက်ဆုံးအဆုံးအဖြတ် ပင်နယ်တီကို အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်း အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က