မန်ချက်စတာယူနိုက်တက် ကစားသမားသစ် မာဆယ် ဆဘစ်ဇာက လီဗာပူးလ်ဂန္တဝင် စတီဗင် ဂျရတ်ကို အလွန်လေးစားသဘောကျသူဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
အဲရစ် တန်ဟက်ဟာ ကွင်းလယ်ဖန်တီးရှင် ခရစ်ရှန် အဲရစ်ဆင် ရာသီအချိန်အများစုကို လွဲချော်နိုင်တဲ့ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမားကို အံ့အားသင့်ဖွယ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကလည်း ရာသီကုန်အထိ အနားယူရမှာဖြစ်ပြီး မက်တော်မီနေးကလည်း ကြွက်သားဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိတာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ရွေးချယ်စရာမရှိတော့ဘဲ ကွင်းလယ်ကို အင်အားဖြည့်တင်းခဲ့ရတာဖြစ်ပါတယ်။
ဆဘစ်ဇာဟာ ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းလက်အောက်မှာ ပုံမှန်ပွဲထွက်ကစားချိန် ရရှိဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ပွဲကစားချိန်ရရှိဖို့အတွက် အငှားထွက်တာက ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်လိမ့်မယ်လို့ ထင်မြင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ဆဘစ်ဇာတို့ရဲ့ အပြောင်းအရွှေ့ဟာ အပြီးသတ်နိုင်ဖို့ ၁၂ နာရီသာ ကြာမြင့်ခဲ့တာဖြစ်ပြီး သြစတြီးယားလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ သီးသန့်ဂျက်လေယာဉ်နဲ့ မန်ချက်စတာကို လာရောက်ခဲ့ပြီးနောက် ဆေးစစ်မှုအောင်မြင်ပြီး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ရက်ပစ် ဝင်း၊ လိုက်ပ်ဇစ်၊ ဘိုင်ယန်မြူးနစ်အသင်းတွေအတွက် ပွဲပေါင်း ၄၄၃ ပွဲ ကစားပေးခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ "တစ်ခါတလေ ဘဝမှာ ခင်ဗျား အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို မြန်မြန် ချမှတ်ရမှာပါ။ ဒီအခွင့်အရေးအကြောင်း ကျွန်တော် ကြားခဲ့ရတဲ့ အချိန်မှာ ကျွန်တော့်အတွက် သင့်တော်မယ်ဆိုတာကို သိခဲ့တယ်။ ကျွန်တော်က ယှဉ်ပြိုင်လိုစိတ်ရှိတဲ့ ကစားသမားပါ။ ကျွန်တော် အနိုင်ရရှိချင်ပြီး ဒီရာသီ အသင်းရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် ကူညီပေးချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဆဘစ်ဇာဟာ လီဗာပူးလ်နဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟောင်း စတီဗင် ဂျရတ်ကို အလွန်နှစ်သက်လေးစားသူဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပြီး လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်းရဲ့ စိတ်ပိုင်းဆိုင်ရာဟာ အံ့အားသင့်ဖွယ်ကောင်းပြီး အဲဒီအတိုင်း လိုက်ကစားချင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ "သူက ကျွန်တော့်ထက်စာရင် ခံစစ်ပိုင်းပိုအားသာတဲ့ကစားသမားဖြစ်ပမေယ့်လည်း သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာကောင်းပါတယ်။ သူက အမြဲတမ်း တိုက်စစ်ကို ဦးဆောင်ပြီး အသင်းကို သယ်ဆောင်ပေးခဲ့တယ်။ ကျွန်တော် အဲဒါကို ကြည့်ခဲ့ပြီး အကုန်လုံးကို အတုယူခဲ့တယ်။ ကျွန်တော် အဲဒီလို ပုံစံအတိုင်းပဲ ကစားချင်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။