စနေနေ့ည ၈း၃၀ နာရီမှာတော့ ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ ကစားခဲ့ကြရာမှာ ပြိုင်ဘက်အသင်းတွေကို အနိုင်ရဖို့အတွက် တော်တော်လေးရုန်းကန်သွားခဲ့ရပါတယ်။ လူစာရင်းအရ၊ ခြေစွမ်းအရကွာဟမှုရှိလို့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့ကြပေမယ့် ၃ သင်းစလုံး ခက်ခက်ခဲခဲနဲ့ ကစားသွားခဲ့ရတာပါ။
လီဗာပူးလ်က အိမ်ကွင်းမှာ ဂိုးကန်သွင်းခွင့်အမြောက်အမြားရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပြီး သွင်းဂိုးအနည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
လိုက်ဇစ်ကို ၆ ဂိုးအထိ သွင်းယူခဲ့တဲ့ မန်စီးတီးကတေ့ာ အိမ်ကွင်းမှာ ဆောက်သမ်တန်ကို အသည်းအသန်ကစားခဲ့ရပါတယ်။ မိနစ် ၈၀ ကျော်တဲ့အချိန်ထိ မန်စီးတီးဟာ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိခဲ့ဘဲ ရုန်းကန်ခဲ့ရသလို ပင်နယ်တီပေးခဲ့ရပြီးမှ VAR ကြောင့် ကံကောင်းကာ ပယ်ဖျက်ပေးခဲ့လို့ ဂွာဒီယိုလာတစ်ယောက် ရှုံးပွဲမတွေ့ခဲ့တာပါ။ ရှိသမျှတိုက်စစ်ကစားသမားအကုန်လုံးကို ဂွာဒီယိုလာ အသုံးပြုခဲ့ပေမယ့် ဂိုးပေါက်ကတော့ ပျောက်နေခဲ့ပြီး ကွင်းဘေးမှာချွေးပြန်နေခဲ့ပါတယ်။
အာဆင်နယ်ကတော့ ကွင်းလယ်လူအိုဒီဂတ်ရဲ့ အလွတ်တည်ကန်ဘောက ရရှိခဲဲ့တဲ့ တလုံးတည်းသောသွင်းဂိုးကြောင့် နိုင်ပွဲဆက်သွားခဲ့ပါတယ်။ အနိုင်ရခဲ့ပေမယ့် အာဆင်နယ်ခြေစွမ်းက အကောင်းကြီးမဟုတ်ခဲ့ဘဲ ဘန်လေရဲ့ ခံကန်အားကြောင့် အခက်တွေ့ခဲ့ပါတယ်။ ဘန်လေက ထုံးစံအတိုင်း မာမာထန်ထန်နဲ့ ကစားနိုင်ခဲ့ပြီး ပင်နယ်တီရရှိမယ့် အနေအထားကို ကွင်းလယ်ဒိုင်က VAR ကြည့်ကာ မပေးခဲ့လို့ နစ်နာခဲ့ပါတယ်။