နယူးကာဆယ်ကို အိမ်ကွင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ကစားခဲ့ပြီးနောက် မန်စီးတီးဟာ အမှတ်ပေးဇယားကို ၃ မှတ်ဖြတ်ကာဦးဆောင်လိုက်ပြီး ပရီးမီးယားလိဂ်ဖလားအတွက် အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။ အနီးကပ်ပြိုင်ဘက်လီဗာပူးလ်က စပါးနဲ့ သရေကျမှုကို မန်စီးတီးက အခွင့်ကောင်းယူနိုင်ခဲ့ပြီး ဆုဖလားအတွက် ယှဉ်ပြိုင်နေမှုမှာ ခေါင်းတလုံးအသာရခဲ့ပြီဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ မန်စိးတီးနည်းပြဂွာဒီယိုလာက လူတွေက မန်စီးတီးထက် လီဗာပူးလ်ကို ဆုဖလားပိုမိုဆွတ်ခူးနေစေချင်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် လီဗာပူးလ်ကို ထိုးနှက်မှုတချို့လည်း ဂွာဒီယိုလာက ပြုလုပ်သွားခဲ့ကာ ဥရောပမှာတော့ မယုံနိုင်စရာပုံပြင်တွေကို ဖန်တီးနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဲဒီလိုအသင်းမျိုးမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
လီဗာပူးလ်က မန်စီးတီးကို လိုက်မီမလားဆိုတဲ့မေးခွန်းကို ဂွာဒီယိုလာက "လူတွေက မန်စိးတီးထက် လီဗာပူးလ်ကို ပိုပြီးတော့ ဖလားရစေချင်နေတယ်၊ ဒါက ပြသနာမရှိပါဘူး၊ ပုံမှန်ပါပဲ၊ သူတို့က ကမ္ဘာတဝှမ်းနဲ့ အင်္ဂလန်မှာ အားပေးသူပိုများလို့လည်း ဖြစ်နိုင်ပါတယ်၊ လီဗာပူးလ်က ကျနော်တို့ထက် ပရိသတ်ပိုများတယ်၊ ယူနိုက်တက်နဲ့အတူတူရပ်တည်နေတယ်၊ ပိုပြီးတော့ ကျော်ကြားတဲ့အသင်းပါ"
"သူတို့တွေ လုပ်ပြခဲ့ဖူးတာတွေကလည်း ရှိနေတာကိုး၊ ဒါပေမယ့်လည်း နောက်ဆုံး ၁၀နှစ်၊ ၁၁နှစ်၊ ၁၂ နှစ်မှာ ကျနော်တို့လည်း အဲဒီလိုမျိုးဖြစ်လာခဲ့တာပါ၊ တခါတလေမှာ လူတွေကြောင့် သက်တောင့်သက်သာမဖြစ်ပေမယ့်လည်း ကျနော်ကတော့ ဂရုမစိုက်ပါဘူး၊ လီဗာပူးလ်က ဥရောပပြိုင်ပွဲမှာ အံ့မခန်းဇာတ်လမ်းတွေရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့မဟုတ်ပါဘူး"
"ဘာလို့လဲဆိုတော့ သူတို့က နှစ်ပေါင်း ၃၀ မှတခါ ဒီဖလားကို ရတာမို့လို့ပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းပြီးနောက်မှာ အမှတ်ပေးဖလားကို တကြိမ်တည်းသာဆွတ်ခူးဖူးတာဖြစ်ပြီး ဂွာဒီယိုလာက အဆိုပါမှတ်တမ်းကို ထောက်ပြပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။